ပင်လယ်ကြမ်းပြင်မှာ ရှိနေတဲ့ Titan ရေငုပ်သင်္ဘောပျက်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ဆယ်ယူနိုင်ဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေက စီစဉ်နေကြောင်း သိရပါတယ်။
ကမ္ဘာကျော် Titanic သင်္ဘောပျက်ကြီးရဲ့ ရေအောက်သင်္ချိုင်း နေရာကို သွားရောက် လေ့လာရင်း ကိုယ်တိုင် ကြမ္မာဆိုး ကြုံသွားခဲ့တဲ့ စူးစမ်းလေ့လာရေး ရေငုပ်သင်္ဘောငယ် Titanနဲ့ လိုက်ပါသွားသူ ၅ ဦးရဲ့ သတင်းဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ ကနဦး တွေ့ရှိချက်တွေအရ Titanဟာ ပြင်းထန်လှတဲ့ ရေဖိအားကို မခံနိုင်ဘဲ ပေါက်ကွဲ ပွင့်ထွက်ပြီး နစ်မြုပ်သွားခဲ့တယ်လို့ ယုံကြည်ရပါတယ်။
အခုအခါ Titan နစ်မြုပ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီး ရေငုပ်သင်္ဘောပျက်ကို ရှာဖွေရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့ကပဲ အခု စုံစမ်းမှုတွေကိုလည်း အဓိက တာဝန်ယူထားတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေး ဦးဆောင်အရာရှိ ကပ္ပတိန် ဂျေဆန် နျူဘာရာက လောလောဆယ်မှာ ဦးစားပေး ရည်ရွယ်ထားတာက ရေငုပ်သင်္ဘောရဲ့ အပျက်အစီးတွေကို ဆယ်ယူဖို့ဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်ကြွင်းတွေကိုပါ ဂရုတစိုက် ရှာဖွေသွားမယ်လို့ ပြောကြားထားပါတယ်။
စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေဟာ လောလောဆယ် အစောပိုင်း အဆင့်မှာပဲ ရှိပါသေးတယ်။ စုံစမ်းစစ်ဆေးမှု ရလဒ်တွေအပေါ် မူတည်ပြီး Titan ရေငုပ်သင်္ဘော နစ်မြုပ်မှုမှာ လူသားတွေရဲ့ ပေါ့လျော့မှုတွေ ရှိခဲ့သလား ဆိုတာကို အဖြေထုတ်နိုင်မှာဖြစ်ကြောင်း၊ အဲဒီနောက် ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တင်မှုတွေ ရှိသင့်မရှိသင့် ဆုံးဖြတ်မှာဖြစ်ကြောင်း နျူဘာရာက ပြောပါတယ်။
Titanဟာ ဇွန်လ ၁၈ ရက်က မြောက်အတ္တလန္တိတ် ရေပြင်မှာ Titanic သင်္ဘော လေ့လာရေး ခရီးစဉ်အတွက် ငုပ်လျှိုးသွားရာက ရေဖိအားကြောင့် ပေါက်ကွဲ ပျက်စီးသွားခဲ့တာပါ။ အစောပိုင်းက ရေငုပ်သင်္ဘောထဲမှာ လူတွေ အသက်ရှင်လျက် ပိတ်မိနေဦးမယ်လို့ ယူဆထားခဲ့ပေမယ့် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးနေတဲ့ ရေငုပ်သင်္ဘော အစိတ်အပိုင်းတွေကို ၅ ရက်အကြာမှာ ရှာတွေ့ခဲ့တဲ့နောက် ဘယ်လို ကြမ္မာဆိုး ကြုံခဲ့သလဲ ဆိုတာက အဖြေပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Titan ရေငုပ်သင်္ဘောကို စရိတ်စကတွေ အများကြီး အကုန်အကျခံ ရှာဖွေခဲ့တာနဲ့ ပတ်သက်လို့ အဲဒီငွေကြေးတွေကို ဘယ်သူက စိုက်ထုတ်မလဲဆိုတဲ့ မေးခွန်းကို အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ နောက်တန်း သေနာပတိ ဂျွန်မော်ဂါက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူက အမေရိကန်ဟာ ပင်လယ်ပြင်မှာ လူ့အသက်တွေ ဆုံးရှုံးရမယ့် အခြေအနေ၊ ဒါမှမဟုတ် လူသားတွေ အန္တရာယ် ကြုံနေတဲ့ အခြေအနေတွေမှာ ငွေကုန်ကြေးကျထက် လူ့အသက်တွေကို ပိုအလေးထား ဆုံးဖြတ်တဲ့ ပေါ်လစီကို ကမ်းခြေစောင့်တပ်က ဆက်လက် ကိုင်ဆွဲထားမှာ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
