တိုက်ပွဲပြင်းထန်နေသည့် ဖားဆောင်းမြို့နယ်၌ စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သော ဒေသခံပြည်သူလေးဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(ဇွန် ၂၅ ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီက လေကြောင်းအသုံးပြု၍ နှစ်ကြိမ်တိုင်ပစ်ခတ်ခဲ့သော နန်းကစ်ကျေးရွာမှ ဒေသခံရွာသား လေးဦးမှာ လမ်းမပေါ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။
“ရွာသားလေးဦးကို ဒီနေ့ သဂြိုလ်လိုက်တယ်။ကျေးရွာနေအိမ်အချို့မီးထဲပါသွားသလို ဘုရားကျောင်းလည်း ပျက်စီးသွားခဲ့ရတယ်”ဟု ဖားဆောင်းမြို့ ဒေသခံက ပြောသည်။
နန်းကစ်ကျေးရွာမှာ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP) ကရင်နီတပ်မတော်၏ ထိန်းချုပ်နယ်မြေဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲခဲ့ခြင်းဟု ၎င်းက ပြောသည်။
ဇွန်လ ၁၅ ရက်ကစ၍ ဖားဆောင်းမြို့နယ်အတွင်းတိုက်ပွဲများ နေ့စဥ်ဖြစ်ပွားလာခဲ့ပြီး မယ်စဲ့မြို့နပ်စခန်းသိမ်းပိုက်ခံလိုက်ရသည့် စစ်ကောင်စီက ဖားဆောင်းမြို့နယ်မှတဆင့် အင်အားဖြည့်တင်းရန် ရည်ရွယ်ထားသည်။
သံလွင်တံတား(ဖားဆောင်း)ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံးကြောင်း ဖားဆောင်း PDFက မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ဖားဆောင်းမြို့ပေါ်မှ ပြည်သူများအပြင် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ ၅,၀၀၀ ထက်မနည်း စစ်ဘေးရှောင်နေရသည်။
