Force for Federal Democracy (F.F.D)၏ တိုက်ခိုက်ရေး ဒရုန်းအထူးတပ်ဖွဲ့ဝင်များ လေ့ကျင်ရေးဗဟို အပတ်စဉ်(၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ (ဇွန်လ ၂၆) ၌ ထုတ်ပြန်သည်။
အဆိုပါ ဒရုန်းအထူးတပ်ဖွဲ့ဝင်များ အပတ်စဉ်(၄) သင်တန်းဆင်းပွဲကို ဇွန်လ ၆ ရက်၌ ပြုလုပ်ခဲ့ပြီး ဒရုန်းဖြင့် ဝေဟင်မှတိုက်ခိုက်ခြင်း၊ ဝေဟင်နှင့် မြေပြင်ပူးတွဲ ချေမှုန်းရေး နည်းနာ၊ အတွေ့အကြုံများကို စာတွေ့၊လက်တွေ့နှင့် နည်းပညာအကူအညီများ မျှဝေသင်ကြားပေးခဲ့ကြောင်း F.F.D Drone တပ်ဖွဲ့က ဆိုသည်။

မဟာမိတ်အဖွဲ့အစည်းများ ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ဖာပွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဖာပွန်-ပကဖ)၊ တောကျီးကန်းခုနှစ်ကောင်စစ်ကြောင်း၊ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF)၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) နှင့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ-KNPLF) မှ သင်တန်းသားစစ်သည်များ သင်တန်းဆင်းခဲ့ခြင်း ဖြစ်ကြောင်း F.F.D က ဖော်ပြထားသည်။

သင်တန်းဆင်းပြီးသည်နှင့် သက်ဆိုင်ရာစစ်ဒေသများအလိုက် စစ်ဆင်ရေးများကို မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခြင်းနှင့် ထောက်ပို့ယာဉ်လမ်းကြောင်း ဖြတ်တောက်ခြင်းများကို FFD Drone Squad များနှင့် ပူးတွဲလုပ်ဆောင်ခဲ့ကြကြောင်းလည်း အသိပေးဖော်ပြခဲ့သည်။

ထို့အပြင် ဒရုန်းအထူးတပ်ဖွဲ့ဝင်များ အပတ်စဉ်(၄) သင်တန်းဆင်း မဟာမိတ်တပ်ဖွဲ့များ၊ BPLA Drone သင်တန်းသားများနှင့် ပူးတွဲကာ ပြီးခဲ့သည့် 4K တပ်ပေါင်းစု၏ မယ်စဲ့၊ တောင်လှ၊ မယ်တနွယ် စခန်းသိမ်းတိုက်ပွဲများ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်းလည်း F.F.D အဖွဲ့က ဆိုသည်။
