ဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ဦးမှာလည်း ပျောက်ဆုံးနေဟုဆို
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့တစ်ရက်တည်း ဒေသခံပြည်သူ ၆ ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (မတ်လ ၁ ရက်) မွန်းလွဲပိုင်းက စစ်ကိုင်းတပ်မ (၃၃)မှ စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ ရွှေလှေအုပ်စု၊ တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာများအား ဝင်ရောက်မွှေနှောက်ခဲ့ပြီး ပြည်သူအချို့အား ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့(မတ်၂ ရက်)တွင် စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးအား ခန္ဓာကိုယ်အား တစ်စစီခုတ်ဖြတ်ကာ သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
“ ခေါင်းတွေခြေတွေဖြတ် ဗိုက်ဖောက်ပြီး ရစရာမရှိအောင်လုပ်ပြီး သတ်သွားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူသည် PDFခေါင်းဆောင်ဟုလည်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် မြင်းမူနယ်သို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၅ဦးအနက် ၅ဦးအား ခေါင်းပစ်ကာ သတ်ဖြတ်သွားခဲ့ကြောင်း၊ ကျန် ၁၀ဦး မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြေပြင်၌ လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။
