▪︎စစ်ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင်ဖို့တိုက်တွန်း
မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ အတောမသတ်နိုင်အောင် ကျူးလွန်နေတဲ့အပေါ် လက်ပိုက် ကြည့်မနေတော့ဘဲ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက သဘောတူ သတ်မှတ်ခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့အညီ အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်သင့်နေပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလတုန်းက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သဘောတူ ရှုတ်ချခဲ့တာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက အလေးထား စဉ်းစားပြီး စစ်ကောင်စီအပေါ် နိုင်ငံတကာ အရေးယူမှုတွေ စတင်မယ့် ကနဦး ခြေလှမ်းအဖြစ် မှတ်ယူသင့်တယ်လို့ HRWက ဆိုပါတယ်။

ဒီအတွက် နိုင်ငံတကာက မြန်မာစစ်ကောင်စီအတွက် လက်နက် တင်ပို့မှုတွေကို ပိတ်ပင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ စွဲချက်တင်ဖို့၊ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ စတာတွေကို အလေးထား လုပ်ဆောင်စေလိုကြောင်းလည်း HRWက တိုက်တွန်းထားပါတယ်။
HRWရဲ့ မတ် ၁၃ ရက် ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်တာ၊ ပြည်သူပိုင် အိုးအိမ် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ အရပ်သား ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်တာတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာကို ဖော်ပြထားပြီး ဒါတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု မြောက်တာကြောင့် အပြည်ပြည်ဆိုင်ရာ ခုံရုံးတင် စစ်ဆေးသင့်တယ်လို့ အဆိုပြုထားပါတယ်။
စစ်အာဏာရှင်တွေဟာ တရားလက်မဲ့ သတ်ဖြတ်မှုတွေ၊ ဖိနှိပ် ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေကို အရပ်သား ပြည်သူတွေအပေါ် ပစ်မှတ်ထား ကျူးလွန်နေတယ်လို့ HRWရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒါရိုက်တာ လူးဝစ် ချာဘွန်နျူက ပြောပါတယ်။
ဒီဇင်ဘာလကစလို့ အာဏာသိမ်း စစ်တပ်ဟာ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှု၊ ကျေးရွာတွေကို မီးတင်ရှို့မှုတွေ ကျူးလွန်ပြီး အရပ်သား ၂၆၃ ဦးထက် မနည်းကို အသက် ဆုံးရှုံးစေခဲ့သလို ညှင်းပန်း နှိပ်စက်မှု၊ မုဒိမ်းမှု၊ တရားမဲ့ ကွပ်မျက်မှုတွေပါ ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်ကိုပါ HRWက ကိုးကားပြထားပါတယ်။
အဲဒီ ကာလ အတောအတွင်းမှာပဲ စစ်အာဏာရှင် လက်အောက်ခံ တပ်တွေဟာ သာမန်ပြည်သူတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ဘုန်းတော်ကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရှေ့နေတွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ ထောက်ပံ့ရေး လုပ်သားတွေ အပါအဝင် အလွှာပေါင်းစုံက လူပုဂ္ဂိုလ် ၄၈၆ ဦးထက် မနည်းကို ဖမ်းဆီးပြီး ၄၀၁ ဦးကို မတရားပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖျက်ဆီးမှုတွေကြောင့် နေရပ်စွန့်ခွာရသူနဲ့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ စုစုပေါင်း ၁.၃ သန်းလောက်ထိ များပြားလာတယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ္ဂရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက အကြမ်းဖက် ဖြစ်စဉ်တွေ ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လွတ်လွတ်လပ်လပ် တင်ပို့နိုင်ရေး အစရှိတဲ့ အချက်တွေကို ထည့်သွင်း တောင်းဆိုထားပေမယ့် စစ်ကောင်စီက လုံးလုံးလျားလျား မျက်ကွယ် ပြုထားတယ်လို့လည်း HRWက ထောက်ပြထားပါတယ်။
HRWက ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီအနေနဲ့ မတ် ၁၃ ရက်မှာ ပြုလုပ်မယ့် တံခါးပိတ် ဆွေးနွေးပွဲမှာ မြန်မာ စစ်ကောင်စီအပေါ် ထိထိရောက်ရောက် အရေးယူဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်သင့်ကြောင်းလည်း တောင်းဆိုထားပါတယ်။ အဲဒီ ဆွေးနွေးပွဲကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဖြစ်ပြီး လက်ရှိ အာဆီယံ ဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ် ရက်တ်နို မာဆူဒီတို့လည်း တက်ရောက်ပြီး မြန်မာ့အရေး အစီရင်ခံစာတွေ တင်သွင်းမယ်လို့လည်း သိရပါတယ်။
