စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ လုံခြုံရေးကောင်စီကို HRWတိုက်တွန်း
မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ အတောမသတ်နိုင်အောင် ကျူးလွန်နေတဲ့အပေါ် လက်ပိုက်ကြည့်မနေတော့ဘဲ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက သဘောတူ သတ်မှတ်ခဲ့တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့အညီ အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်သင့်နေပြီလို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ ဒီနေ့(မတ်လ ၁၃ ရက်)မှာ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးပွဲကျင်းပဖို့ရှိနေပြီး အဲဒီိဆွေးနွေးပွဲမှာ ကုလအထူးကိုယ်စားလှယ် Noeleen Heyzer၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံရဲ့မြန်မာအထူးကိုယ်စားလှယ်အကြီးအကဲ Reetno Marsudi တို့လည်း တက်ရောက်ရှင်းလင်းကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာက မြန်မာစစ်ကောင်စီအတွက် လက်နက်တင်ပို့မှုတွေကို ပိတ်ပင်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)မှာ စွဲချက်တင်ဖို့၊ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့ စတာတွေကို အလေးထား လုပ်ဆောင်စေလိုကြောင်းလည်း HRWက တိုက်တွန်းထားပါတယ်။

တီးတိန်ဆေးရုံတိုက်ပွဲ စစ်ကောင်စီတပ်လေးဦးသေ
ချင်းပြည်နယ် တီးတိန်မြို့ ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း(PDF-Zoland) တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့တယ်လိို့ PDF-Zoland သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ကိုဂျော်နီက ပြောပါတယ်။ ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က လေးဦး ကျဆုံးခဲ့ပြီီး ခဲယမ်း၊ ကျည်နဲ့ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံနှင့်တကွ ဖော်ပြပါတယ်။


ချင်းပြည်ဦးတည်နေတဲ့ ယာဉ်အစီး ၈၀ခန့်ပါ စစ်ကောင်စီယာဉ်တန်း ကျောက်ထုနယ်မှ ထွက်ခွာ
ချင်းပြည်နယ်သို့ ဦးတည်နေတဲ့ စစ်ကောင်စီရဲ့ ယာဉ်အစီး ၈၀ ခန့်ပါ စစ်ယာဉ်တန်းဟာ ကျောက်ထုနယ်မှ ထွက်ခွာသွားတယ်လို့ ဒေသခံနဲ့ ချင်းကာကွယ်ရေးတပ်(CDF)- မင်းတပ်က အသိပေးပါတယ်။ မနေ့ညကတည်းက တပြင်းဘက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီယာဥ်တန်းရဲ့ရှေ့ပွိုင့်များက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကြရင်း တောမီးများလည်းရှို့နေကြတယ်လို့ မင်းတပ် CDF က အသိိပေးပါတယ်။ ပြည်သူများ အသွားအလာ သတိပြုဖို့၊ ဂရုစိုက်ကြဖို့လည်း မင်းတပ် CDFက သတိပေးထုတ်ပြန်ပါတယ်။

ပင်လောင်းတိုက်ပွဲ စစ်တပ်သေဆုံးထိခိုက်မှုများ၊ စစ်တပ်ရဲ့ ကျည်နဲ့ ခဲယမ်းများသိမ်းဆည်းရရှိ
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ပြီး ခဲယမ်းနဲ့ ကျည်များစွာသိမ်းဆည်းရမိတယ်လို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ကထုတ်ပြန်ပါတယ်။ ပင်လောင်းမြို့နယ် အတွင်းထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိို ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်နေပါတယ်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုများခဲ့ပေမယ့် အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေးဘူးလို့ KRU တာဝန်ရှိသူက ပြောပါတယ်။

ကျင်ဒွေးမြို့ပေါ်ရှိ စစ်စခန်းကို CDF(ကန်ပက်လက်)တိုက်ခိုက်
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၁ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ CDF(ကန်ပက်လက်)တာဝန်ရှိသူကပြောပါတယ်။ အဲဒီီစစ်ကောင်စီစခန်းဟာ ရခိုင်ပြည်နယ်မှျာ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ခဲ့တဲ့ အချိန်ကစလို့ စခန်းထိုင်နေတာဖြစ်ပြီး စစ်သား ၃၀၊ ရဲ ၂၃ ဦးနဲ့ ပျူစောထီး ၄၀ ခန့် စုပေါင်းနေထိုင်တာလိို့ သိရပါတယ်။ မတ်လ ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် စုစုပေါင်း စစ်တပ်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရွှေကျင်နယ် ဆက်ကြေးကောက်ကြမ်းတဲ့ တပ်ကြပ်ကြီးကို ပစ်ခတ်အရေးယူ
ပဲခူးခရိုင် ရွှေကျင်မြို့နယ် ညောင်ခြေထောက် လှေဆိပ်မှာ ဆက်ကြေးအဓမ္မကောက်ခံမှုနဲ့ နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်အရေးယူ ရှင်းလင်းလိုက်တယ်လို့ Soul Takers Yangon Underground Force က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်မှာ အကောက်ခွန်ကောက်နေတဲ့ တပ်မ (၅၉၈)မှ တပ်ကြပ်ကြီး ငပေါက်ဆိုသူကို သွားရောက်ရှင်းလင်းခဲ့တာလို့ ဖော်ပြပါတယ်။ Soul Takers Yangon Underground Force ဟာ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိမှာ ရန်ကုန်မြို့ကို ခေတ္တစွန့်ခွာကာ ရောက်တဲ့ဒေသမှာ စစ်အာဏာရှင်နဲ့ ၎င်းရဲ့ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်နေတာလိို့ အဖွဲ့တာဝန်ခံက ရှင်းပြပါတယ်။
ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက Salingyi Special Task Force – SSTF (ယင်မာပင်ခရိုင် တပ်ရင်း -၁၄ ၊ – ၁၅ )တို့ဟာ စစ်ကောင်စီ အထိုင်ချတပ်စွဲထားတဲ့ ဆားလင်းကြီးမြို့ရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က တပ်သားတစ်ဦးသေဆုံးပြီး စစ်သားနဲ့ ရဲ အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဆိိုပါတယ်။
