ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉)မှ ရဲဘော်သုံးဦး အလင်းဝင်လာကြောင်းCDF CDM Siyin က ယနေ့ အသိပေးထုတ်ပြန် သည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ အောင်အောင်(ကိုယ်ပိုင်နံပတ်- တ/၀၁၉၂)၊ လှိုင်ဝင်းအောင်(ကိုယ်ပိုင်နံပတ်- တ၅၀၄၈ ၁၉)၊ ရဲမင်းသိမ်း(ကိုယ်ပိုင်နံပတ်- တ၅၇၄၂၆၀)တို့ဟု ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် ပြည်သူနှင့်အတူ အာဏာရှင်ကို တော်လှန်ရန် တပ်ထဲမှ ထွက်လာခြင်းဟု ထွက်ဆို သည်။
“တပ်ထဲရှိနေသေးသော ပြည်သူကိုကာကွယ်ဖို့ ကတိသစ္စာဆိုထားတဲ့ ကျန်ရဲဘော်များလည်း အမြန်ဆုံး ပြည်သူနဲ့အတူပူးပေါင်းဖို့ တိုက်တွန်းနှိုးဆော်သွားပါတယ်”ဟု CDF CDM Siyin က ပြောသည်။

ယခုလ ၁၆ရက်က တီးတိန်မြို့နယ်၊ ဆဲဇာန်ကျေးရွာရှိ စာသင်ကျောင်းတွင်အင်အား ၄၀ခန့်ဖြင့်တပ်စွဲထားသည့် ခလရ (၂၆၉)ကို PDF Zoland နှင့် CDF CDM Siyin ပူးပေါင်း ကာဝင်ရောက် တိုက်ခိုက်ခဲ့သည်။နှစ်နာရီကျော်ကြာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ အကျအရှုံးရှိကာ အများအပြားဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များစွာရှိခဲ့ပြီး ယင်းတပ်စွဲရာနေရာမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ယခုလပိုင်းအတွင်း ချင်းဒေသကာကွယ်ရေးတပ်များထံ စစ်ကောင်စီတပ်မှ အလင်းဝင်ရောက်လာမှုများပိုမိုများပြားလာသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်တွင် မင်းတပ် အခြေစိုက် ခလရ(၂၇၄)တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်ခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ နှင့် စက်တင်ဘာလ အတွင်းကလည်း ဟားခါးအခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၆၆)တပ်ရင်းမှ တပ်သား ၆ဦးထက်မနည်း CDF ဆဲန်ထန်နှင့် CDF ဇိုဖေတို့ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။ ထို့ပြင် ဟားခါးရဲစခန်းမှ ရဲအချို့လည်း လက်နက်နှင့်အတူ CDF ထံ ပူးပေါင်းလာမှုရှိခဲ့သည်။



































