▪︎စစ်သားအလောင်း ၂ လောင်း လက်နက်ခဲယမ်းများရရှိကြောင်းကရင်နီတပ်မတော်ထုတ်ပြန်
ကရင်နီ(ကယား)ပြည်နယ်ရှိ ကရင်နီတပ်မတော် KA ၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် ကြိုးပမ်းသည့် စစ်ကောင်စီတပ်များ အထိနာ၍ပြန်ဆုတ်ခွာသွားပြီးစစ်သားအလောင်းနှစ်လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း ကရင်နီတပ်မတော် သတင်းပြန်ကြားရေး KnIC က ထုတ်ပြန်သည်။
ကရင်နီပြည် ဆိုတရှားမြို့နယ်(ရှားတော)တွင်ရှိသည့်ကရင်နီတပ်မတော်တပ်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်မှ တပ်ရင်း(၃)ရင်းပူးပေါင်း၍ မတ်၁၁ ရက်တစ်နေကုန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီဘက်မှခြေမြန်တပ်ရင်းများဖြစ်သော ခမရ-၃၃၇၊ ခမရ-၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူး ပေါင်းကာ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ မှစ၍ ညနေ ၆ နာရီ အထိပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

“ ၃၃၇က မေလယုကနေ ၁၂၀နဲ့ပစ်တယ်။ ကျနော်မှတ်ထားရသလောက် ၁၅ လုံးလောက် ရှိတယ်။ ၃၃၄နဲ့ ၅၁၉ က ကျနော်တို့စခန်းကို အနီးကပ်တက်ပစ်တာ။ မနေ့ကပွဲမှာတော့ သူတို့မတက်နိုင်ဘူး။ ပြန်ဆုတ်တယ်။ ဒီနေ့ဆက်မလားတော့မသိသေးဘူး” ဟု က ရင်နီတပ်မတော် ရင်း(၃)စခန်းအား ကွပ်ကဲနေသည့် အရာရှိတစ်ဦးကပြောသည်။
စခန်းသိမ်းရန်တက်လာသော စစ်ကောင်စီတပ်များသည် အထိနာသည့်အတွက်ပြန်လှည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်၏ အလောင်းနှစ်လောင်း၊ လက် နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကာ ကရင်နီတပ်မတော်ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ကရင်နီတပ်မတော် ဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွီးကပြောသည်။
မတ်လအတွင်း ကရင်နီပြည်နယ်အရှေ့ခြမ်းဒေသတစ်ခုလုံးကို စစ်ကောင်စီတပ်က နေရာအနှံ့တစ်ပြိုက်နက် ထိုးစစ်ဆင်ပြီး စစ်ဆင်ရေးများပြုလုပ်နေကာ အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ မတ်လ ၁၁ ရက်နေ့သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ KA ၊KNDF ၊ KRU ၊ ဒေသခံPDF စသော ကရင်နီတပ်ပေါင်းစုကလည်း စစ်တပ်၏ ထိုးစစ်ကိုစနစ်တကျ ခုခံတိုက်ခိုက်လျှက်ရှိသည်။
မတ်လ ၁၀ ရက်နေ့က ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်းလည်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့က ပြောသည်။
