▪︎ကား၊ဆိုင်ကယ်နှင့်အဆောက်အအုံအချို့ပျက်စီးခဲ့သော်လည်းPDF များလွတ်မြောက်အောင်ဆုတ်ခွာနိုင်ခဲ့ဟုဆို
ထီးချိုင့်မြို့ ကျောက်မှော်ရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ယနေ့(မတ်လ ၉ရက်)နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်မှော်ရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။
” မနက်က ၇ နာရီ ၄၅ မိနစ်လောက်မှာ စခန်းကိုဝင်စီးတယ်။ ပြီးတော့ အဲ့ဒီနေရာကနေ မီးစရှို့တာ ရွာထဲကအိမ် ကုန်သလောက်ပဲ” ဟု စစ်ဘေးရှောင်နေရသော ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းတစ်ခုကို အင်အားအများအပြားဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ် ခုနှစ်စီး၊ ကားတစ်စီးနှင့် စခန်းအဆောက်အဦးအချို့ ဆုံးရှုံးခဲ့သော်လည်းPDF တပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
ကျောက်မှော်ရွာတွင် ယနေ့ညနေ ၃နာရီခန့်အထိ မီးလောင်ကျွမ်းနေပြီး စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားဆဲဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
