▪︎အဖွဲ့အစည်း ဝေဖန်မှုကြုံနေရချိန် အချင်းချင်း အမြင်မှားစေရန် ရန်သူက ဆောင်ရွက်မှုရှိနိုင်ဟုသုံးသပ်
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နှင့် KNU တာဝန်ရှိသူများ လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည်ဆိုခြင်းမှာ မဟုတ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။
KNU ဥက္ကဋ္ဌ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်၊ ဗဟိုအလုပ်အမှုဆောင် ပဒိုစောသမိန်ထွန်း၊ KNU ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ KNLA တပ်မဟာ(၇) စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးစောဒီးကွယ် တို့ ပါသည့်ယာဉ်တန်းကရင်ပြည်နယ် လှိုင်းဘွဲ့မြို့သို့ ထွက်ခွာလာစဉ် လှိုင်းဘွဲ့ နှင့်ပိုင်ကျုံကြား၌ ရှေ့ပြေးလုံခြုံရေးယာဉ် တိုက်ခိုက်ခံရသည်ဟု ဧရာ၀တီသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ KNU ဥက္ကဋ္ဌ အနေဖြင့် လှိုင်းဘွဲ့မြို့နယ်သို့သွားရောက်မှုရှိသော်လည်း ယခု ပေါက်ကွဲမှုဖြစ်ရာနှင့် သွားရောက်သည့်နေရာ မတူကြောင်း၊ ထို့ပြင် ပေါက်ကွဲမှု ဖြစ်ပွားရာယာဉ်တန်းသည် KNU ဥက္ကဋ္ဌနှင့်အဖွဲ့ ယာဉ်တန်းမဟုတ်ဘဲ BGF ယာဉ်ဖြစ်ကြောင်း ပြောသည်။

“ဖြစ်စဉ်ကတော့ ဗုံးပေါက်ကွဲတာက မှန်တယ်။ ဒါပေမဲ့ ဥက္ကဋ္ဌ သွားတဲ့ ကားတန်းတော့မဟုတ်ဘူး။အဲဒါက BGF ယာဉ်တန်း အဲဒါကို ထိတာ။ ဒါပေမဲ့ထိခိုက်မှုကတော့ ထိရှတာ တစ်ယောက်ပဲရှိတယ်။ အဲဒါက ကျနော်တို့ နယ်မြေလည်းဟုတ်တယ်။ BGFနဲ့ စပ်ဆက်နေတာ သူသွားကိုယ်သွားပေါ့နော်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ဥက္ကဋ္ဌ ယာဉ်တန်းမိုင်းဆွဲခံရသည်ဆိုသည့် သတင်းမှာ မှားယွင်းကြောင်း၊ မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ဆောင်ရွက်သည်ကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။
“နေရာကိုက မတူတာ ဒါပေမယ့် နယ်ကတော့ တစ်နယ်ထဲပဲပေါ့ လှိုင်းဘွဲ့မြို့နယ် ပဲ နေရာတော့ မတူဘူး” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
မိုင်းဆွဲခံရသည့် ယာဉ်တန်း၌ KNU တာဝန်ရှိသူများ ပါဝင်မှုရှိမရှိ ထပ်မံ မေးမြန်းရာ ၎င်းက ပါဝင်မှုမရှိဟု ပြောသည်။
“ဒီဖြစ်ရပ်အပေါ်ကတော့ ရန်သူကတော့ တမျိုးမျိုးလုပ်မှာပဲ။ ကိုယ့်အဖွဲ့အစည်းအချင်းချင်း အမြင်လွဲမှားအောင် ပေါ့။ အခုအချိန်ကလည်း ကျနော်တို့ အဖွဲ့အစည်းကလည်း ဝေဖန်သုံးသပ်မှုတွေဖြစ်နေတဲ့အခါကျတော့ ဥက္ကဋ္ဌလည်း ဒီလိုသွားတဲ့အခါကျတော့ ပိုပြီးတော့ ရန်သူ့အကွက်ထဲ ဝင်သွားတဲ့သဘောပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။
KNU ဥက္ကဋ္ဌ နှင့်အဖွဲ့ ယာဉ်တန်းမိုင်းဆွဲခံရသည့် ဆိုခြင်းနှင့်ပတ်သက်၍ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးထံသို့ ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။
ခေါင်းဆောင်မှု အပြောင်းအလဲပြုလုပ်ရွေးချယ်ရမည့် KNUညီလာခံကို စစ်ရေး နိုင်ငံရေးအခြေအနေကြောင့် သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်သည့် အခြေအနေတွင် KNU ၏ ခေါင်းဆောင်မှုပိုင်းနှင့်ပတ်သက်ပြီးဝေဖန်မှုများရှိနေသည်။
စစ်ကောင်စီ ဝါဒဖြန် Facebook စာမျက်နှာအချို့ကလည်း KNU ဥက္ကဋ္ဌယာဉ်တန်းကို ဗိုလ်မှူးချုပ်နယ်ဒါးမြ၏ ကော်သူးလေအာမီ(KTLA)နှင့် PDFများက မိုင်းခွဲတိုက်ခိုက်သည်ဟုသတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
