စစ်ကိုင်းတိုင်း ကလေးမြို့မှချင်းပြည်နယ်ဘက်သို့စစ်ကောင်စီတပ်များ ဝင်ရောက်လာ၍ တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland)က ယနေ့မတ်လ ၇ရက်တွင်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ကလေး-သိုင်းငင်း-တီးတိန်လမ်းမကို အသုံးပြုလာခြင်းကြောင့် ထိုလမ်းမကြီးပေါ်တွင် အချိန်မရွှေးတိုက်ပွဲများဖြစ်လာသည်ဟု PDF-Zolandကသတိပေးထားသည်။ ထိုကြောင့် မိဘပြည်သူများအနေဖြင့် ထိုလမ်းမကြီးပေါ်တွင် ခရီးသွားလာခြင်း၊ တောထွက်ခြင်းမပြုရန်လည်း အသိပေးထားသည်။
“သူတို့က ရှုခင်းသာကနေ ခြေလျင်နဲ့တက်လာတာ။ အဓိကက ခရီးသွားယာဉ်တွေ ပြည်သူတွေဘက်ကနည်းနည်း သတိထားရင် ပိုကောင်းတာပေါ” ဟု PDF-Zoland တာဝန်ရှိသူ တစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။
“ သူတို့တက်လာတာ နှစ်ရက်လောက်ရှိပြီ တောင်ပေါ်ကို စစ်ကြောင်းထိုးဖို့ တက်လာတာ။ ကျွန်တော်တို့ သူတို့အင်အားနဲ့ အခြေအနေကို စုံစမ်းနေဆဲပါ”ဟု၎င်းကဆက်ပြောသည်။
ထိုစစ်ကြောင်းသည် တီးတိန်မြို့ကို ထိုးစစ်ဆင်ရန်ဖြစ်နိုင်သည်ဟုလည်း တာဝန်ရှိသူကသုံးသပ်ပြောသည်။
PDF ဇိုလဲန်းသည် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိသည်။
