စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)သုံးဖွဲ့ပေါင်းပြီး မုံရွာဒေသခံ တော်လှန်ရေးတပ်ပေါင်းစု Monywa Local Revolution Union (MLRU)ကို ဖွဲ့စည်းလိုက် ကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းများ၊ LPDFများ စုပေါင်းချိတ်ဆက် လှုပ်ရှားနိုင်ရန်၊ ညီညွတ်သော တပ်ပေါင်းစုတစ်ခုရှိရန် လိုအပ်နေပြီဖြစ်ကြောင်း၊ မုံရွာနယ်အတွင်းရှိ စစ်ရေး နိုင်ငံရေးအခြေအနေသည် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများအကြားတွင် သဟဇာတဖြစ်သည့် အနေအထားတစ်ရပ်အထိ ပေါင်းစပ်ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်ကိုလည်း တွေ့ရှိနေရကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တော်လှန်ရေးကာလတလျှောက် စစ်ရေးအရှိန် မြင့်တက်လာသည်နှင့်အမျှ စစ်အသုံးစရိတ်ကြပ်တည်းမှု ပြသနာများအား နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပေါင်းစပ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်ဟုလည်း အထက်ပါတာဝန်ခံက ဆိုသည်။
အထက်ပါအချက်များကို သုံးသပ်၍ စစ်အာဏာရှင်စနစ်(စစ်တပ်၊ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တရား) တိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းပေးနိုင်သော တပ်ပေါင်းစုလိုအပ်သောကြောင့်မဟာမိတ်အဖွဲ့အစည်း သုံးဖွဲ့ကို မုံရွာဒေသခံ တော်လှန်ရေးတပ်ပေါင်းစုMonywa Local Revolution Union (MLRU)အဖြစ် ၂၀၂၃ မတ်လ ၃ရက်တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း Special Force-11 (PDF)က ထုတ်ပြန်အသိပေးသည်။
အဆိုပါ အဖွဲ့တွင် တပ်ခွဲ(၁) Special Force-11 (PDF)၊ တပ်ခွဲ(၂) Brave Heart Army (BHA)၊တပ်ခွဲ(၃) Monywa Special ဒိတ်ဒိတ်ကြဲ (PDF)တို့ပါဝင်ပြီး မူဝါဒစည်းမျဥ်းစည်းကမ်းချက်များလည်း ချမှတ်ထားကြောင်း၊ နားလည်လိုက်နာနိုင်မည့် ပူးပေါင်းပါဝင်လိုသော ညီနောင်အဖွဲ့အစည်းများအား ဖိတ်ခေါ်ထားကြောင်း Special Force-11 (PDF)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
