ယောနယ်ကျောက်ထုမြို့တွင်ယမန်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်လူငယ်တစ်ဦးမှာကျန်ရဲဘော်များလွတ်မြောက်စေရန် စစ်တပ်ကို ခုခံပစ်ခတ်ပေးရင်းကျဆုံးသွားခဲ့သည်။
ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(ဆောနှင့်ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
“ သူတို့က ဦးအောင်စောင့်ပြီးမှ ကျွန်တော်တို့အပစ်ခံရတာ။ဝိုင်းပစ်ခံရတဲ့အချိန်များသွားတာ။ သူပစ်ကိုယ်ပစ်က မိနစ်၂၀လောက်ကြာခဲ့တယ်။ ရဲဘော်တစ်ယောက်က ခံပစ်ရင်း ကျဆုံးခဲ့တာပါ” ဟု The Youth Force (ဆောနှင့်ကျောက်ထု) မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ရဲဘော် ကိုဇင်ဖြိုးလွင် သည် အသက် ၂၀အရွယ်ခန့်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားကြောင်းသတင်းရရှိသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုမူမသိရသေးပါ။
ရဲဘော် ကိုဇင်ဖြိုးလွင်သည် ကျန်ရဲဘော်များ လွတ်မြောက်စေရေးအတွက် ခံပစ်ပေးရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း၊တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်းရင်း ကျဆုံးသွားသောအာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြု ဦးညွှတ်ရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း The Youth Force (Saw&Kyaukhtu) က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတပ်ဖွဲ့ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းဖြစ်သည်။
