▪︎ထိန်သိမ်းရေးစခန်းတွင်ကျန်းကျန်းမာမာရှိနေရာမှရုတ်တရက်ကွယ်လွန်သွား၍ ကိုဒင်းခိုကျွန်းမိသားစုအံအားသင့်၊ဝမ်းနည်းနေ
အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် မြန်မာစစ်ဘေးရှောင်တစ်ဦးရုတ်တရက်ကွယ်လွန်ခဲ့ပြီးနောက် ကျန်ရှိနေသေးသော ထိန်းသိမ်းခံ မြန်မာ ၈၃ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာအရပ်ဖက်အဖွဲ့စည်းများကတောင်းဆိုထားသည်။
တမူးမြို့ခံတစ်ဦးဖြစ်ပြီး အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းချခံထားရသော ကိုဒင်းခိုကျွန်း(အသက် ၃၂နှစ်)သည် ဖေဖော်ဝါရီလ ၂၅ရက် ညတွင်ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ကြောင်း အင်ဖာမြို့ရောက် မြန်မာအချို့က People’s Spring သို့ပြောသည်။
ထိမ်းသိမ်းရေးစခန်းတွင်းရုတ်တရက်ကွယ်လွန်မှုမှာ နှလုံးရောဂါကြောင့်ဟု မဏိပူရ်အာဏာပိုင်များကသတင်းလွှင့်သော်လည်း ကိုဒင်းခိုကျွန်းတွင်နှလုံးရောဂါမရှိကြောင်းမိသားစုနှင့်နီးစပ်သူများကပြောသည်။
ကျန်ရစ်သူမိသားစုဝင်တစ်ဦးမှသေဆုံးသွားသည့်အကြောင်း အရင်း ကို ရင်ခွဲရုံ မှ အဖြေမရသေးဘဲ ၊အလောင်းကိုအင်ဖာ မှ မိုးရေး သယ်ဆောင်ခဲ့ခြင်းနှင့် ရင်ခွဲရုံပို့ဆောင်ခဲ့ခြင်းများ ကို မိုးရေး အတွင်းရှိ အရပ်ဖက် အဖွဲ့ အစည်းများဖြစ်သော HTC နှင့် KSO မှတာဝန်ယူကူညီပေးခဲ့ကြောင်းသိရသည်။
မသေဆုံး မှီတစ်ရက်အလို တွင်မိသားစုဝင်များဖြစ်သောဦးလေး နှင့် ညီမနှစ်ယောက် သွားရောက်တွေ့ဆုံခဲ့ရာကျန်းကျန်းမာမာ ရှိကြောင်းတွေ့ဆုံ ခဲ့ပြီး နောက်တစ်နေ့တွင် ရုတ်တရက် သေဆုံး သွားသောကြောင့် မိသားစုဝင်များ အံ့သြကြေကွဲ ဝမ်းနည်းလျှက် ရှိကြောင်းကူညီလုပ်ကိုင်ပေးနေသူများကပြောသည်။ ကိုဒင်းခိုကျွန်းတွင်အမျိုးသမီးနှင့်ကလေးငယ်တစ်ဦးကျန်ရစ်ခဲ့သည်။
ကိုဒင်းခိုကျွန်းသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစ၍ မိုးရေးမြို့သို့ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလတွင် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ကိုဒင်းခိုကျွန်းနှင့်အတူ မြန်မာနိုင်ငံသား (၈၄)ဦးကို တရားမဝင်နေထိုင်သည်ဟုဆိုကာ အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဟု မဏိပူရ်ရောက် မြန်မာများအရေးဆောင်ရွက်နေသည့် Burma Refugee Committee Kabaw Valleyမှ သတင်းရရှိသည်။
အဆိုပါ မြန်မာနိုင်ငံသား (၈၄)ဦးအနက် အသက်မပြည့်သေးသည့် လူငယ်ကိုးဦးကို လူငယ်ထိန်းသိမ်းရေးစခန်းနှင့် ကျန်လူ ၇၅ဦးကို အင်ဖာထိန်းသိမ်းရေးစခန်းတွင် ထားရှိကြောင်းသိရသည်။ ထိုကြောင့်ကျန်ရှိနေသော မြန်မာ (၈၃)ဦးကို လူသားချင်းစာနာထောက်ထားမှုအရ အမြန်ဆုံး ပြန်လွှတ်ပေးရန် Burma Refugee Committee Kabaw Valleyက တောင်းဆိုထားသည်။
” အပြစ်မရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးထားတာပါ။ ထိန်းသိမ်းရေးစခန်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုမရလို့ အခုလိုအသက်သေဆုံးတဲ့အထိဖြစ်ရတာ။ ကျန်တဲ့ (၈၃) ဦးကိုပါအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်” ဟု Burma Refugee Committee Kabaw Valley၏ နာယက ဦးထန်ဆေးကပြောသည်။
ထို့အပြင် မဏိပူရ်ရောက် မြန်မာများအရေး ဆောင်ရွက်နေသော အရပ်ဖက်အဖွဲ့စည်း လေးဖွဲ့ ကလည်း ဖမ်းဆီးခံထားရသော မြန်မာများကို မဏိပူရ်ပြည်နယ်အစိုးရအနေဖြင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန်နှင့်တိုင်းပြည်အခြေအနေကြောင့် ထွက်ပြေးခိုလှုံလာသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအပေါ် အသိအမှတ်ပြုလက်ခံပေးရန်ယနေ့(ဖေဖော်ဝါရီ၂၇ရက်) ကြေညာချက်ထုတ် တောင်းဆိုသည်။
ကူကီးကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(KSDF)၊ ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံး(KWHRO) ၊မြန်မာနိုင်ငံကူကီးကျောင်းသားများအဖွဲ့အစည်း(KSO-M)နှင့်တမူးခရိုင်အရပ်ဖက်အဖွဲ့အစည်းများကွန်ရက် (TDCN)တို့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားခြင်းဖြစ်သည်။
သေဆုံးသွားသည့် မောင်ဒင်းခိုကျွန်းသည် ယခင်က မည်သည့်ရောဂါမှမရှိခဲ့ဘူးသလို နှလုံးရောဂါအခံလည်းမရှိဟု သူ၏မိခင်ထံမှသိရကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် မဏိပူရ်အစိုးရမှ ဖမ်းဆီး အကျဥ်းချခံထားရသော မြန်မာဒုက္ခသည်များအပေါ်လိုအပ်သည့်ဆေးဝါးအထောက်အကူများ၊အစားအသောက်များနှင့်လူသားချင်းစာနာထောက်ထားမှုကင်းမဲ့နေသည်ကိုပေါ်လွင်စေကာ၊ လိုအပ်ဘဲ ထိန်းချုပ်မှု၊ ချုပ်နှောင်မှု၊ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများရှိနေသည်ကို ပေါ်လွင်စေသည်ဟုအဖွဲ့လေးဖွဲ့၏ကြေညာချက်တွင် ဖော်ပြထားသည်။
မဏိပူရ်အစိုးရမှဖမ်းဆီးခံအပြစ်မဲ့ပြည်သူ(မြန်မာဒုက္ခသည်)များအပေါ် ရန်သူသဖွယ်ဆက်ဆံကာလူသားချင်းစာနာမှုဆိုင်ရာ ကင်းမဲ့နေမှုအပေါ် မိမိတို့ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်ဟုလည်းပါရှိသည်။
အိန္ဒိယ-မြန်မာနယ်စပ်တမူးဒေသရှိပြည်သူလူထုမှာစစ်အုပ်စုအာဏာသိမ်းပြီးနောက် စစ်တပ်နှင့်လက်အောက်ခံလက်နက်ကိုင်အဖွဲ့များ၏ပြည်သူလူထုအပေါ်ညှင်းပန်းနှိပ်စက်မှု၊ကျေးရွာများမီးရှို့ဖျက်စီးမှုများကြောင့် တဖက်နိုင်ငံနယ်စပ်ကျေးရွာများတွင် ထွက်ပြေးခိုလုံနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်ပြေးဒုက္ခသည် (၈၄)ဦးကို မဏိပူရ်အစိုးရမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သည်ဟု ခေါင်းစဉ်တပ်ကာဖမ်းဆီး ထောင်ချခဲ့သည်။နိုင်ငံတကာအစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း အိန္ဒိယမြန်မာနယ်စပ် မဏိပူရ်ပြည်နယ်အတွင်း ခိုလုံနေကြသည့် လစ်လျူရှုခံ မြန်မာဒုက္ခသည်များအရေး ဆောင်ရွက်ပေးကြရန် တောင်းဆိုထားသည်။
“ကမ္ဘာ့ဒီမိုကရေစီအကြီးဆုံးနိုင်ငံကပြည်နယ်တစ်ခုရဲ့လုပ်ရပ်ဟာ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့မညီသလို အိမ်နီးချင်းနယ်စပ်ဒေသဖြစ်ရဲ့နဲ့ လူသားချင်းစာနာထောက်ထားမှုမရှိတဲ့လုပ်ရပ်ဖြစ်တဲ့အတွက်ရှုတ်ချပါတယ်၊ အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုနေပါတယ်”ဟု ဦးထန်ဆေးကပြောသည်။
