တူရကီမှာ ငလျင်ကြောင့် အဆောက်အအုံ အမြောက်အမြား ပြိုကျခဲ့တဲ့နောက် ကန်ထရိုက်အဖြစ် တာဝန်ယူခဲ့သူ ရာဂဏန်းလောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီ တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ပြီး အဆောက်အအုံတွေ တော်တော်များများ ပြိုကျကုန်ပါတယ်။
အဲဒီလို ပြိုကျခဲ့တဲ့ အဆောက်အအုံတွေထဲမှာ ငလျင်ဒဏ် ခံနိုင်တယ်လို့ အာမခံထားတဲ့ တိုက်တွေလည်း ပါဝင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ငလျင်ကြောင့် တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယား နိုင်ငံတွေမှာ စုစုပေါင်း လူ ၅ သောင်းကျော် သေကြေ ပျက်စီးခဲ့ပါတယ်။
အခုအခါ တူရကီ အာဏာပိုင်တွေက ပြိုကျ အဆောက်အအုံတွေ ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်တွေနဲ့ လုပ်ငန်းရှင်တွေ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ဆေး မေးမြန်းနေပြီး ၁၈၄ ဦးထက်မနည်း ဖမ်းဆီး ခံထားရတယ်လို့ သိရပါတယ်။
တရားရေးဝန်ကြီး ဘီကာ ဘော့ဇ်ဒက်ဂ်က အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးရာမှာ အာဏာပိုင် တချို့ရဲ့ အဂတိ လိုက်စားမှုတွေ၊ အစိုးရရဲ့ မူဝါဒပိုင်း အားနည်းချက်တွေကလည်း လူအသေအပျောက် များပြားမှုမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ပြောပါတယ်။
အဖမ်းခံရသူတွေထဲမှာ ငလျင်ကြောင့် ပျက်စီးမှုတွေ တော်တော်များများ ကြုံတွေ့ခဲ့တဲ့ မြို့ငယ်တစ်ခုက မြို့တော်ဝန်လည်း ပါဝင်တယ်လို့ တူရကီ မီဒီယာတွေက ဆိုပါတယ်။
ငလျင်ကြောင့် တူရကီမှာ အဆောက်အအုံပေါင်း ၁၆၀၀၀ လောက်ဟာ လုံးဝဥဿုံ ပြိုကျသွားတာ၊ ဒါမှမဟုတ် လူနေလို့ မရတော့လောက်အောင် ဆိုးဆိုးရွားရွား ပျက်စီးသွားတာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း သဘာဝ ကပ်ဘေးကြီးဟာ လူတွေရဲ့ ပေါ့ဆမှုနဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့် ထိခိုက်မှု ပိုဆိုးသွားခဲ့သလားဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာပါတယ်။
အတိုက်အခံ အင်အားစုတွေကတော့ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ရဲ့ အစိုးရ အဖွဲ့ဟာ အဂတိ လိုက်စားမှုတွေ ရှိနေတဲ့အပြင် အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို မှန်မှန်ကန်ကန် စစ်ဆေးဖို့ပါ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲ ဝေဖန်ထားကြပါတယ်။
