မုံရွာရှိ စစ်ကောင်စီသတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရ
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ နောင်ကြီးအိုင်ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး မုံရွာမြို့ရှိ စစ်ကောင်စီ သတင်းပေး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက် ညနေ၅ နာရီခန့်က နောင်ကြီးအိုင်ရဲစခန်းကို Chindwin Attack Force နှင့် ဒေသတွင်း PDFများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ကားများပျက်စီးပြီး အိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း၊ အခြားထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စခန်းအတွင်းရှိ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခဲ့၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) ၊ မုံရွာခရိုင် တပ်ရင်း – ၁၈ နှင့် တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အလားတူ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ စစ်မူထမ်းဟောင်း သန်းနိုင်ဆိုသူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လူယုံဖြစ်ပြီး စားနပ်ရိက္ခာစီစဥ်ပေးခြင်းနှင့် စစ်ကောင်စီသတင်းပေးတစ်ဦးဟု သတင်းရ၍ ရှင်းလင်းခဲ့ကြောင်း မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများက ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်) သတင်းထုတ်ပြန်သည်။
၎င်းထံမှ မှတ်ပုံတင်အချက်အလက်များနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး စစ်ဆင်ရေးအား မုံရွာ-ဗန္ဓုလနှင့်အဖွဲ့သားများ အဖွဲ့(၁) Black Falcon မြို့တွင်းေပျာက်ကျားတပ်ဖွဲ့Brave Heart Army-BHAနှင့် Special Forces-11PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
