အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊မိုရေးမြို့တွင်သက်ကြီးရွယ်အိုလေးဦးအပါအဝင် မြန်မာနိုင်ငံသား ၈၀ ကျော်ဖမ်းဆီးခံထားရသဖြင့်လူသားချင်းစာနာထောက်ထားမှုအရပြန်လွှတ်ပေးရန်တောင်းဆိုထားကြောင်းတမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
မဏိပူရ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို အိန္ဒိယအာဏာပိုင်များက ဇန်နဝါရီ ၂၇ နှင့် ၃၀ တွင်ဖမ်းဆီးပြီးနိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင်ထိမ်းသိမ်းထားခြင်းဖြစ်သည်ဟုသိရသည်။
“သူတို့တွေက တရားမဝင်လာတာမဟုတ်ပါဘူး။စစ်ကောင်စီတပ်တွေကြောင့်ထွက်ပြေးလာတာပါ။သူတို့ပြန်လွတ်မြောက်ဖို့ကို ကြိုးစားနေကြပါတယ်”ဟုစစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထန်ဆေးကပြောသည်။
ချင်းပြည်နယ်မှ ပြည်သူများသည်စစ်ကောင်စီ၏အကြမ်းဖက်မှုများကြောင့်အိန္ဒိယနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာအိန္ဒိယအစိုးရကတရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ မိုးရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံထားရသူများတွင် အသက် ၁၈နှစ်မပြည့်သေးသည့် လူငယ်ကိုးဦးနှင့် အသက် ၇၀ကျော် သက်ကြီးရွယ်အို လေးဦးပါဝင်ကြောင်း ဦးထန်ဆေးကပြောသည်။
ဖမ်းဆီးထံထားရသူများပြန်လည်လွတ်မြောက်ရေးနှင့်မိုရေးမြို့ပါဝင်သော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံနေထိုင်ခွင့်ပြုရန်အတွက် မဏိပူရ်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားကြောင်း Burma Refugee Committee Kabaw Valley က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မိုးရေးမြို့အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော Hill Tribal Council ၊ Kuki Students’ Organization ၊ Kuki Women Union and Human right ၊ Moreh Youth Club နှင့် Kuki Khanglai Lawmpi တို့ကလည်း မြန်မာ စစ်ဘေးရှောင်များအား အကူအညီပေးရေးအတွက် ဝန်ကြီးချုပ်ထံလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်း ဦးထန်ဆေးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ချင်းပြည်နယ်မှပြည်သူများအများဆုံးထွက်ပြေးတိမ်းရှောင်ခဲ့ရသောဒေသမှာ မိဇူရမ်ပြည်နယ်ဖြစ်ပြီးစစ်ဘေးရှောင်ပြည်သူသောင်းနှင့်ချီ၍ရှိသည်။
