▪︎ချင်းတိုင်းရင်းသားအဆိုတော်တွေသီဆိုတဲ့ Cover Song ယူကျု့မှာ ကြည့်ရှုသူ တစ်သန်းကျော်ရှိလာ
အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို နေ့စဥ်ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ကမ္ဘာက သိစေဖို့ ရည်ရွယ်သီဆိုထားတဲ့ Chinlung Chauk Artist အဖွဲ့ရဲ့ We Are The World Cover Song က Youtuber တွေကြားထဲမှာ ရေပန်းစားနေပါတယ်။ ဒီသီချင်းကို ဖေဖော်ဝါရီ ၃ ရက်က လူသုံးသောင်းခွဲကျော် Subscribe လုပ်ထားတဲ့ Chin Tube You Tube Channel မှာတင်ခဲ့တာဖြစ်ပြီး သုံးပါတ်ကျော်အကြာမှာ ကြည့်ရှုသူတစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီသီချင်းကို သီဆိုတဲ့ Chinland Chauk Artist အဖွဲ့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုရောက်နေတဲ့ ချင်းတိုင်းရင်းသားအဆိုတော်တွေနဲ့ မီဇိုရမ်ရဲ့ နာမည်ကြီး အနုပညာရှင်တွေ စုစုပေါင်း ၂၅ ဦးက ပါဝင်သီဆိုထားတာဖြစ်ပါတယ်။ သီချင်းကိုCoda Band ကနေတီးခတ်ပေးထားတာဖြစ်ပါတယ်။ ချင်းအဆိုတော်တွေထဲမှာ Myanmar Idol ပြိုင်ပွဲကနေ နာမည်ကြီးလာတဲ့ ဘင်ဂျမင်ဆန်လည်းပါဝင်ပါတယ်။ Chinlung Chauk Artist အဖွဲ့ကပြန်ဆိုရာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်နေမှုတွေ၊ ပြည်သူတွေသတ်ဖြတ်ခံနေရတာ၊ ဖမ်းဆီးခံနေရတာ၊ ထွက်ပြေးတိမ်းရှောင်နေရတာစတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ထည့်သွင်းပုံဖော်ထားပါတယ်။ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကမ္ဘာကြီးက ကူညီပေးကြဖို့လည်းတောင်းဆိုထားတာကိုလည်းတွေ့ရပါတယ်။ သီချင်းကို You Tube မှာ Chin tube ကနေတစ်ဆင့် အလွယ်တကူရှာနားဆင်ကြည့်ရှုလို့ရပါတယ်။


▪︎No Fly Zone သတ်မှတ်ပေးဖို့ အမေရိကန်ရောက် မြန်မာများ တောင်းဆိုဆန္ဒပြ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန်(No Fly Zone) သတ်မှတ်ပေးဖို့ အမေရိကန်နိုင်ငံရောက် မြန်မာများက မနေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့တို့မှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြတောင်းဆိုသူတွေက မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ပေးဖို့၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပြီး No Fly Zone သရုပ်ပြအစီစဉ်များကိုလည််း ထည်သွင်းပြသခဲ့ပါတယ်။


▪︎ဟားခါးစာသင်ကျောင်းမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်
ချင်းပြည်နယ် ဟားခါးမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးထုတ်ပြန်ပါတယ်။ ပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့ အဲဒီရဲတပ်သားကို ဟားခါး CDFက ကျပ်သိန်း ၃၀ ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ The Chin Journalက ဖော်ပြပါတယ််။ ရဲတပ်သားအခုလို လက်နက်နဲ့အတူ အလင်းဝင်သွားတဲ့အပေါ် စစ်ကောင်စီတပ်က ဟားခါးမြို့မှာ အပူတပြင်းလိုက်လံရှာဖွေခဲ့တယ်လို့ ဒေသခံရဲ့ပြောကြားချက်ကို ကိုးကား ဖော်ပြထားပါတယ်။
▪︎စစ်တပ်ရဲ့ ဗျူဟာမြောက်နယ်စပ်တပ်စခန်းကို ကရင်နီတပ် ဒရုန်းနဲ့တိုက်ခိုက်
ကရင်နီပြည်နယ် ရှားတောမြို့နယ်မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ််လို့ ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့ခင်းက နယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ကျားပါးစပ်ကြီး တပ်စခန်းကို ကရင်နီတပ်မတော်အမှတ်(၂)တပ်ရင်း ကွန်မန်ဒိုတပ်ဖွဲ့နဲ့ Drone တပ်ဖွဲ့တို့မှ ဗုံးသီး(၈)လုံး ပစ်ချတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာပို့ဖို့ စီစဉ်ဆောင်ရွက်နေတာကြောင့် တိုက်ပွဲဆက်ဖြစ်နိုင်တယ်လို့ ခူညေးရယ်က ပြောပါတယ်။

▪︎မင်းတပ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မိသားစုဝင် သုံးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခလရ(၂၇၄)တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျေးရွာတစ်ရွာမှ မိသားစုဝင် ငါးဦးလုံးထိမှန်ခဲ့ပြီး သုံးဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့က မင်းတပ်မြို့နယ် အမ်လောင်းဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင််စာရင်းကောက်နေသူ အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ််။ စစ်ဘေးရှောင်စာရင်းကောက်ယူသူ ဆလိုင်း ဘီလီအောင်ထန်းဟာ မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

▪︎စစ်ကောင်စီတပ်အန္တရာယ်ကြောင့် တန့်ဆည်နယ် ကျေးရွာ (၁၀)ရွာမှ ဒေသခံတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းသို့ စစ်ကောင်စီတပ်ရဲ့ ခမရ(၃၆၁)က စစ်ကြောင်းထိုးနေလို့ ကျေးရွာ (၁၀)ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပျူစောထီးတွေနဲ့အတူ စစ်ကြောင်းနှစ်ကြောင်း အပြိုင်ထိုးနေပြီး အင်အား ၂၅၀ ကျော်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒါကြောင့် ကံထူးမအနီးရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံပြည်သူ တစ်သောင်းခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ တန့်ဆည်-ကံထူးမလမ်းပိုင်းကိုလည်း ယာယီပိတ်ထားတာကြောင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။
▪︎အရာတော်တောင်ပိုင်း တိုက်ပွဲဖြစ်နေချိန် အင်အားနည်းနေတဲ့ စစ်ကောင်စီစခန်းများကို ဝင်တိုက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားနေစဥ် တပ်ဖွဲ့အင်အားနည်းပါးနေတဲ့ ပျူစောထီးစခန်းနှစ်ခုနဲ့ ရဲစခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ အရာတော်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ သုံးရက်အတွင်း အရာတော်မြို့နယ်တောင်ပိုင်းမှာ လေကြောင်းအကူနဲ့ အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေခဲ့တာပါ။ အရာတော်တောင််ပိုင်းမှာ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်များက ဖြန့်ခွဲစစ်ကြောင်းထိုးနေဆဲဖြစ်တယ်လို့ အရာတော်ပကဖအဖွဲ့က အသိပေးထားပါတယ်။

▪︎မန္တလေးတိုင်း မြို့နယ်သုံးခုရှိ ရဲစခန်း၊ ပျူစခန်းနဲ့ စစ်ကောင်စီယာဥ်များကို တိုက်ခိုက်
မန္တလေးတိုင်း၊ မြင်းခြံ၊ စဉ့်ကိုင်နဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ စစ်ကောင်စီယာဥ်တန်း၊ ရဲစခန်းနဲ့ ပျူစောထီးစခန်းများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိတယ််လို့ ဒေသတွင်း PDFများက သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက နဘူးအိုင်-မြင်းခြံလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း(၈)လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးတယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ််။ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းက စဥ့်ကိုင်မြို့နယ်၊ မြလိပ်တောင် ကြာကန်အနီး ကင်းလှည့်ဖို့ ထွတ်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကားတစ်စီးကို ပဒေသာမိုင်းအလုံးကြီးလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒုဌဝတီတော်လှန်ရေးအင်အားစုက ဖော်ပြပါတယ်။ သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် နေ့ခင်းက ဒရုန်းနဲ့ ဗုံးသီး ၈ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
▪︎အထက်မင်းလှတိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ကပစ(၁၂)နဲ့ ကပစ(၁၀)တပ်မှ တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အဲဒီိစစ်ကြောင်း မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ပြောပါတယ်။ အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၀ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှာ ပြန်လည်ဆုတ်ခွာသွားတာလို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိိုက်ဒဏ််ရာရရှိသူတွေလည်း များပြားပြီး ဆုတ်ခွာထွက်ပြေးစဥ် ကျည်ဆံတွေမှာ ကျကျန်ခဲ့တယ်လို့ ဆိုပါတယ်။
