ချင်းပြည်နယ် ဟားခါးမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဟားခါး ချင်းကာကွယ်ရေးတပ်(CDF)က အသိပေးထုတ်ပြန်သည်။
ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် အဆိုပါ ရဲတပ်သားကို ဟားခါး CDFက ကျပ်သိန်း ၃၀ပေးအပ်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါး CDFရဲ့ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journalက ဗမာဘာသာဖြင့် ဖော်ပြထားသည်။
အဆိုပါ ရဲတပ်သား၏ လက်နက်နှင့်အတူ အလင်းဝင်သွားသည့်အပေါ် စစ်ကောင်စီတပ်က ဟားခါးမြို့တွင် အပူတပြင်းလိုက်လံရှာဖွေခဲ့သည်ဟုလည်း ဒေသခံ၏ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
“စာသင်ကျောင်းမှာလုံခြုံရေးတာဝန်ယူတဲ့ စစ်ကောင်စီရဲတစ်ဦး လက်နက်နဲ့ ထွက်ပြေးလို့ မြို့သစ်ရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ပြီး ဧည့်စာရင်း စစ်ကြတယ်။ နာမည်၊ ဓာတ်ပုံ နဲ့တကွ ဒီလူကို တွေ့လားလို့ မေးမြန်းတာလည်း လုပ်တယ်” ဟု ဒေသခံရဲ့ ပြောကြားချက်ကို The Chin Journal က ဖော်ပြသည်။
ထန်တလန်အခြေစိုက် ခလရ (၂၆၉)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း လက်နက် ၂လက်၊ ကျည်၊ လက်ပစ်ဗုံး၊ ဗုံးသီးများနှင့်အတူ ဟားခါး CDFထံအလင်းဝင်လာကြောင်း ဟားခါး CDFက ဖေဖော်ဝါရီ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။
ဟားခါးအခြေစိုက် ခလရ(၂၆၆)တပ်မှ စစ်ကောင်စီတပ်သား နှစ်ဦးသည်လည်း ဖေဖော်ဝါရီ ၁၆ရက်က CDF ဆဲန်ထန်တပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်ခဲ့သည်။
