ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သား နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဟားခါးချင်းကာကွယ်ရေးတပ်(CDF)က ချင်းဘာသာဖြင့် ယမန်နေ့ ညပိုင်း၌ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သားနှစ်ဦးသည် MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄တောင့် ၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး လေးလုံးနှင့် (၆၀)မမ ဗုံးသီး သုံးခုတို့ကို CDF-ဟားခါးထံ အပ်နှံခဲ့သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ကျပ်သိန်း ၃၀ စီ ဆုငွေပေးအပ်ပြီး လုံခြုံသည့် နေရာသို့ ချက်ချင်း ပို့ဆောင်ပေးခဲ့ကြောင်း ဟားခါး CDF၏ ချင်းဘာသာဖြင့် ထုတ်ပြန်ချက်ကို The Chin Journalက ဗမာဘာသာဖြင့် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဟားခါး အခြေစိုက် ခလရ(၂၆၆) တပ်မှ စစ်ကောင်စီတပ်သား ၂ဦးသည် CDF ဆဲန်ထန်ထံသို့ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း CDF ဆဲန်ထန်က ထုတ်ပြန်ထားသည်။


ယခင်ကလည်း ချင်းပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ လက်နက်များနှင့်အတူ အလင်းဝင်ရောက်မှု မကြာခဏ ရှိခဲ့သည်။
ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်များကို ချင်းပူးပေါင်းတပ်ဖွဲ့များက ယခုလ အတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာဖေဖော်ဝါရီ ၁ရက်တွင် စစ်ကောင်စီတပ်သားနှင့် ရဲ ၆ဦးကို လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်။ ဖေဖော်ဝါရီ ၉ရက်တွင်လည်း ထန်တလန် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြီး ရဲစခန်း မှ လက်နက် ၄၂လက်ကို သိမ်းဆည်းရရှိခဲ့သည်။
