မြိုင်မြို့နယ်၊ မကျည်းကန်အနီးရှိ ကိုယ်ထူကိုယ်ထစာသင်ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ မနက် ၁၁နာရီခန့်တွင်တိုက်ခိုက်ရေးရဟတ်ယာဥ် Mi35ဖြင့်လာရောက်ပစ်ခတ်သွားကြောင်းဒေသခံများနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာကဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထစာသင်ကျောင်းကိုစစ်ကောင်စီတပ်ရဟတ်ယာဉ်က ၁၅မိနစ်ကြာလာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်အချို့ပျက်စီးခဲ့ပြီး ကလေးငယ်များ အချိန်မှီပုန်းခိုနိုင်ခြင်းကြောင့် ထိခိုက်မှုမရှိကြောင်း ဒေသခံများကပြောသည်။စစ်ရဟတ်ယာဥ်ဖြင့်ပစ်ခတ်မှုကြောင့်စာသင်ကျောင်းဆောင် အရှေ့ပိုင်းပျက်စီးသွားသည်ဟုလည်း ဒေသခံများကပြောသည်။

ကလေးငယ်များ စာသင်ဆောင်အနောက်ဘက် စာရေးခုံများတွင် ပုန်းအောင်နေခြင်းကြောင့်အသက်ဘေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု အခြား ဒေသခံတစ်ဦးကလည်းပြောသည်။
ပခုက္ကူခရိုင်တပ်ရင်း(၁၄)မှ တပ်ခွဲမှူးကလည်း“ဒီအတိုင်းရမ်းသမ်းပစ်သွားတာ နွားတကောင်သေတယ်။ကျန်တာတော့ အထိအခိုက်မရှိဘူး”ဟုပြောသည်။


စစ်ကောင်စီတပ်ရဟတ်ယာဉ်က ပစ်ခတ်မှုကြောင့် အနီးနားရှိ ဆေးရုံမှ လူနာများကိုလည်း အချိန်မှီရွှေ့ပြောင်းပေးခဲ့ရသည်ဟုတပ်ခွဲမှူးကဆက်ပြောသည်။
စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့ကပြောသည်။
