မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အမ နေအိမ်ဆီ အလည်ရောက်နေတဲ့ ဒုရဲမှူးတစ်ဦး မနေ့ကညပိုင်းက ပစ်သတ်ခံလိုက်ရပါတယ်။
ပစ်သတ်ခံရသူဟာ မြစ်ငယ်အမှတ် (၆) ရဲထားရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းမင်းသန့်ဆိုသူဖြစ်ပြီး အမ အိမ် ဆီ အလည်လာချိန် သတ်ခံရတာလို့ ဒေသခံအချို့က ပြောပြပါတယ်။

စစ်အုပ်စုဘက်ကတော့ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက် မှာနေတဲ့ အိမ်ခြေမြေပွဲစား အမျိုးသမီးရဲ့နေအိမ်ကို မနေ့ညပိုင်း ၆ နာရီဝန်းကျင်က အမျိုးသား ၈ ဦး ဆိုင်ကယ် ၃ စီးနဲ့ရောက်လာပြီး လူသတ် ဓားပြတိုက်သွားတာလို့ သတင်းထုတ်ထားပါတယ်။
” ဒုရဲမှူး က ယူနီဖောင်းနဲ့မဟုတ်ဘူး ၊အရပ်ဝတ်နဲ့ပဲ၊ စကားပြောစက်ကအသံထွက်လာတာကနေသိပြီး ပစ်သွားတာ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲဒီ ဒုရဲမှူး ဆီကနေ ခြောက်လုံးပြုး နဲ့စကားပြောစက် ယူသွားတယ်လို့သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ ကျပ်သိန်းသုံးရာအပြင် ရွှေထည်တွေပါသွားတယ်လို့ လူမှုကွန်ရက်မှာ စစ်အုပ်စု ဘက်က သတင်းဖြန့်ထားတာတွေ့ရပါတယ်။
ပစ်ခတ်ခံရတဲ့ ဒုရဲမှူးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတာပါ။
