စစ်ရှောင်ကူညီရေးလုပ်နေသည့် CDF ရဲဘော် တစ်ဦးလည်း ကျဆုံး
ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၂၇၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာတစ်ရွာမှ မိသားစုဝင် ငါးဦးလုံးထိမှန်ခဲ့ပြီး သုံးဦးအသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၂၅ရက်တွင် မင်းတပ်မြို့နယ် အမ်လောင်းဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့က မင်းတပ် ခလရ(၂၇၄)က ရွာတစ်ရွာကို လက်နက်ကြီးနဲ့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ စစ်ဘေးရှောင်စာရင်း ကောက်နေတဲ့ စစ်ဘေးရှောင်ဒုက္ခည် ကူညီနေတဲ့ တစ်ယောက်ရယ် မိသားစုတစ်ခုရယ်ပေါ့။ မိသားစု ငါးယောက်မှာ သုံးယောက်ကဆုံး၊ နှစ်ယောက်က ဒဏ်ရာရတယ်။ စစ်ဘေးရှောင် စာရင်းကောက်နေတဲ့တစ်ယောက်လည်း ဆုံးသွားတာပေါ့။ဒါက တိုက်ပွဲဖြစ်ခြင်း မရှိဘဲ အပြစ်မဲ့ ပြည်သူတွေကိုဒီလိုလုပ်တာတော့ရှိတယ်”ဟု မင်းတပ်ဒေသ သတင်းရင်းမြစ်က ပြောသည်။
လက်နက်ကြီးထိမှန်၍ အသက်ဆုံးရှုံးခဲ့ရသူများအနက် စစ်ရှောင်စာရင်းကောက်နေသည့် ဆလိုင်း ဘီလီအောင်ထန်းသည် မင်းတပ်ချင်းကာကွယ် ရေးတပ်(CDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းသည် ဒေသတွင်း စစ်ရှောင်အရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများကိုပါ ကူညီဆောင်ရွက်ပေးနေသူဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။
