▪︎မြန်မာ-ထိုင်းနယ်စပ်ရှိဟွေခမောက်စခန်းသည်စစ်တပ်အတွက် အရးပါသောစခန်းဖြစ်
ကရင်နီပြည်နယ် မြန်မာ -ထိုင်းနယ်ရှိစစ်ကောင်စီ၏တပ်စခန်းသို့ကုန်ကြောင်းမှ ရိက္ခာလာပို့သည့် စစ်ကြောင်းများကို အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ရဟတ်ယာဉ်ဖြင့်ရိက္ခာပို့ရန်လာရောက်စဥ်ကရင်နီတပ်မတော်(KA)က ပစ်ခတ်ခဲ့ရာရဟတ်ယာဉ် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်းပြန်လှည့်သွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံကပြောကြားသည်။
ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ၃ နာရီကျော်က မြန်မာ-ထိုင်း နယ်စပ် BP-12 အနီးရှိ စစ်ကောင်စီ၏ ဟွေခမောက်စခန်းသို့ရိက္ခာပို့ဆောင်ရန်လာသော ရဟတ်ယာဉ်တစ်စီးကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်များတွင် အဆိုပါဒေသသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီ မြေပြင်တပ်ကို ကရင်နီတပ်မတာ်ဦးဆောင်သောကရင်နီပူးပေါင်းတပ်များက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ်ကလေကြောင်းမှ ရိက္ခာပို့ရန် ကြိုးပမ်းစဥ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဟွေ့ခမောက်စခန်းတွင် လက်နက်ကြီးပစ်သောကုန်းများရှိပြီးစခန်းငယ် ၃ ၊၄ ခုနှင့် တွဲဖက်ထားကာ စစ်ကောင်စီတပ်အတွက် ဗျူဟာအရ အရေးပါသောစခန်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူကပြောသည်။ စခန်းတွင် စစ်တပ်အင်အားဆယ်ဂဏန်းရှိနိုင်ကြောင်းလည်း၎င်းကခန့်မှန်းသည်။

“၁၉၉၇ လောက်ကတည်းကရှိတာ။သူတို့(စစ်တပ်)အတွက်မဆုတ်တန်းစခန်း။စိုးမိုးကုန်းပေါ့”ဟု ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ မှတာဝန်ခံကPeople’s Spring သတင်းဌာနသို့ပြောသည်။
ရိက္ခာလာပို့သောရဟတ်ယာဉ်ကိုပစ်ခတ်၍ဆင်းသက်ခြင်းမပြုနိုင်ဘဲပြန်လှည့်သွားပီးနောက် တစ်နာရီခန့် အကြာတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့်ဟွေခမောက် ဝန်းကျင် တစ်ဝိုက်သို့ ၄ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။သို့သော် စစ်တပ်၏လေကြောင်း တိုက်ခိုက်မှုတွင် ကရင်နီတပ်မတော်ဖက်မှ တစ်စုံတစ်ရာထိခိုက်မှုမရှိဟုဆိုသည်။
ဖေဖော်ဝါရီ ၁၉ရက်က ဖားဆောင်းအခြေစိုက်စစ်ကောင်စီ၏ ခလရ(၁၃၅) စစ်ကြောင်းကထိုစခန်း ရိက္ခာပို့ရန်လာရောက်စဉ် ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်တို့ကဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သားအနည်းဆုံး ၆ ဦးသေပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ဦးဖမ်းဆီးရမိခဲ့သည်။စစ်ကောင်စီတပ်မှ လက်နက်၊ခဲယမ်းနှင့် ရိက္ခာများ ကိုလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ကသိမ်းဆည်းနိုင်ခဲ့သည်။
အလားတူ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်လည်း ရှမ်းပြည်တောင်ပိုင် SSS နယ်မြေကို ဖြတ်၍ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်များအား ကရင်နီတပ်မတော်(KA) အမှတ်(၃)တပ်ရင်းတပ်ဖွဲ့ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြန်ရာ စစ်ကောင်စီတပ်ဖက်မှ(၃)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာအချို့ရရှိသွားခဲ့သည်။
ထို့အပြင်ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင်လည်း တစ်ကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖက်မှ(၅)ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီတပ်သည် ရှမ်းပြည်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ်နှင့် တဆက်တည်းရှိနေသည့် ရှမ်းပြည်တောင်ပိုင်း ပြည်သူ့စစ် (SSS) အဖွဲ့၏ နယ်မြေကို အသုံးပြု၍ စစ်သည်အင်အား(၂၀၀)ခန့်ဖြင့် ကရင်နီနယ်စပ်ရှိ စစ်စခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရန် ခြောက်သွေ့/ပွင့်လင်းရာသီအတွင်း စီစဉ်နေခြင်းဖြစ်ကြောင်းလည်းထုတ်ပြန်ထားသည်။
ထိုကြောင့်စစ်တပ်သည်ကုန်ကြောင်းမှ ရိက္ခာပို့ရန် ၃ ကြိမ်ကြိုးစားရာ ဖြတ်တိုက်ခံရပြီး အထိနာသဖြင့် လေကြောင်းမှရိက္ခာဖြည့်တင်းရန်စီစဥ်နေခြင်းဖြစ်သည်။
(မြေပြင်သို့မဆင်းနိုင်ဘဲ ပြန်လှည့်မောင်းသွားရသည့် စစ်တပ်၏ ရဟတ်ယာဥ်နှင့်ဖေဖော်ဝါရီ ၁၉ ရက်က ဟွေခမောက်စခန်းသို့ ကုန်းလမ်းမှ ရိက္ခာလာပို့သောစစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်း ၅ ဦးကိုလက်နက်များနှင့်အတူဖမ်းမိစဥ်။ဓါတ်ပုံ- KMIC)
