နယ်စပ်မှဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအပါ် စစ်ကောင်စီ၏ မူဝါဒအသစ်သည် ဆန်ပြည်ပတင်ပို့သောကုန်သည်များကို အခက်တွေ့စေပြီးဆန်တင်ပို့မှုလျော့ကျစေလာနိုင်ကြောင်းဆန်ကုန်သည်များကပြောသည်။
ဆန်နှင့်ဆန်ထွက်ပစ္စည်းများကိုနယ်စပ်မှ ပြည်ပတင်ပို့ရာတွင်ရရှိသည့် နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို လာမည့် မတ်လ ၁ ရက်မှစ၍ စစ်ကောင်စီသတ်မှတ်သည့် နှုန်းအတိုင်း လဲလှယ်ရမည်ဟု စစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ယခင်က နယ်စပ်မှ ပြည်ပကို ဆန်တင်ပို့ရာတွင် ရရှိသည့် ပို့ကုန်ရငွေဖြစ်သောနိုင်ငံခြားငွေများကို ကျပ်ငွေလဲလှယ်ရန်မလိုဘဲ အပြည့်အဝ သုံးစွဲခွင့်ရနေရာမှယခုအခါ အထက်ပါအတိုင်း မဖြစ်မနေလဲရန် ယဖိအားပးလာခြင်းဖြစ်သည်။
“ဆန်တင်ပို့တဲ့သူတွေ အခက်အခဲဖြစ်လာနိုင်တယ်။ တင်ပို့မှာက တဖြေးဖြေးနဲ့ လျော့ကျသွားမယ်။ ဘယ်သူမှ အရှုံးခံပြီးပို့မှာ မဟုတ်ဘူး။ ဆန်ကို ဈေးကွက်ပေါက်ဈေးအတိုင်းဝယ်ပြီး ပြည်ပတင်ပို့ရင် ဈေးအနှိမ့်ခံပြီးပို့ရတာဖြစ်သွားတယ်”ဟု ဆန်ပြည်ပတင်ပို့နေသည့်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြည်ပတင်ပို့မှုလျော့ကျမည်ဖြစ်သောကြောင့် တောင်သူများအတွက်လည်းဈေးကောင်း မရနိုင်တော့ကြောင်း ၎င်းကဆက်ပြောသည်။
ပြင်ပပေါက်ဈေး၌ တစ်ဒေါ်လာကို ၂၈၅၀ကျပ်ရှိနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းရှင်များ၏ ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့်သာ အတင်းအဓမ္မဝယ်ယူခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
“မူဝါဒတစ်ခုကို ပါဝင်ပတ်သတ်တွေကို မဆွေးနွေးမတိုင်ပင်ပဲ။ စာထုတ်ပြီး မကြာခဏပြောင်းလဲနေတာ လုပ်ငန်းရှင်တွေအတွက် ထိခိုက်နစ်နာမှုတွေအများကြီးဖြစ်စေတယ်”ဟု ၎င်းကပြောသည်။
စစ်ပွဲများအတွက် လက်နက်နှင့် လေယာဥ်ဆီဝယ်ယုရန် ဒေါ်လာ အမြဲလိုနေသော စစ်ကောင်စီက ဆန်စပါးသာမကလယ်ယာထွက်ကုန်ဖြစ်သည့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရော်ဘာနှင့် ရေထွက်ကုန်ပစ္စည်းကိုလည်း ပြည်ပတင်ပို့ရာတွင် နိုင်ငံခြားရငွေ ၆၅ ရာခိုင်နှုန်းကိုလည်း စစ်ကောင်စီသတ်မှတ်နှုန်းအတိုင်းမဖြစ်မနေရောင်းရမည်ဟုဖိအားပေးနေခြင်းဖြစ်သည်။
စစ်ကောင်စီကမူ ပို့ကုန်တင်ပို့မှုဆောင်ရွက်ရာတွင်ကုန်စည်အလိုက် မျှတမှုရှိစေရန်နှင့်ပြည်ပကို တင်ပို့သည့် အဓိက ပို့ကုန်ပစ္စည်းများအပေါ် တပြေးညီကျင့်သုံးရန် လုပ်ဆောင်ရန်အတွက်ဟု အကြောင်းပြထားသည်။ သို့သော်လည်း ပို့ကုန်လုပ်ငန်းရှင်နှင့်စီးပွားရေးလုပ်ငန်းရှင်များက စစ်ကောင်စီက အစိုးရအမည်ခံပြီး အဓမ္မဓားမြတိုက်ခြင်းသာဖြစ်သည်ဟုပြောသည်။
နိုင်ငံတော်အာဏာကို စစ်တပ်က အဓမ္မသိမ်းယူပြီးနောက် နိုင်ငံခြားသုံးငွေလိုအပ်ချက် မြင့်တက်လာသည့် စစ်အုပ်စုအတွက် နိုင်ငံခြားငွေရရှိရေးကို နည်းမျိုးစုံ အသုံးပြု၍ လုပ်ငန်းရှင်များကို ဖိအားပေးနေခြင်းဖြစ်သည်။
