▪︎တိုက်ပွဲဖြစ်မည်စိုး၍ နေရပ်ပြန်သူများသဖြင့် လောက်ကိုင်-လားရှိုး ကားခ သုံးဆတက်
လောက်ကိုင်တွင်မကြာမီရက်ပိုင်းအတွင်းတိုက်ပွဲများအပြင်းအထန်ဖြစ်လာနိုင်သည်ဟု သတင်းများထွက်ပေါ်နေသဖြင့် နယ်ပေါင်းစုံမှအလုပ်သမားများနေရပ်သို့ ပြန်နေကြသည်။
“သတင်းတွေမျိုးစုံထွက်နေတယ်။ တိုက်ပွဲကလည်းဖြစ်လာနိုင်တဲ့အနေအထားပဲ။စစ်တပ်ကလည်းအင်အားတိုးနေတယ်။ကိုးကန့်ဘက်ကလည်း အသင့်အနေအထားရှိနေတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးကPeople’s Spring သို့ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းလောက်ကိုင်နှင့် ထိစပ်နေသော ချင်းရွှေဟော်မြို့တွင် ကိုးကန့်တပ်မတော်(MNDAA) နှင့် စစ်ကောင်စီတပ်နိုဝင်ဘာလ ၂၈ရက်နှင့် ၂၉ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။MNDAAစခန်းကို စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာ၍တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၁၀ဦး သေဆုံးခဲ့သည်။ သေဆုံးသူများအလောင်းကို စစ်ကောင်စီက စွန့်ပစ်ခဲ့၍ မြေမြုပ်ပေးခဲ့ကြောင်းလည်း MNDAAကရုပ်သံနှင့်တစ်ကွထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင်အထိနာသွားသည့် စစ်ကောင်စီတပ်က ယခုအခါ အင်အားတိုးနေသဖြင့် မကြာမီတိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

“ဆိုင်ကအလုပ်သမားတွေ မနေရဲတော့လို့ ပြန်သွားကြပြီ။ အခုက ရှောင်ရမယ့်အနေအထားမျိုးပဲ” ဟု လောက်ကိုင်မြို့မှ ဆန်ကုန်သည်တစ်ဦးကလည်းပြောသည်။
ယခုအခါလောက်ကိုင်မှပြန်မည့်သူရာချီတန်းစီနေကြသဖြင့် ကားခများလည်း သုံးဆနီးပါးတက်သွားသည်။လောက်ကိုင်- လားရှိုးကားသည် ယခင်က ခရီးသည်တစ်ဦးလျှင်သုံးသောင်ကျပ်ဖြစ်သော်လည်း ယခုအခါ တစ်သိန်းကျပ်အထိစျေးခုန်တက်သွားသည်။
လောက်ကိုင်ရှိ လောင်းကစားရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းမြန်မာလုပ်သား သုံးသိန်းခန့်အထိရှိနေသည်။
