စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)နှင့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၁ ရက် ည၈နာရီခန့်က မုံရွာမြို့၊အမြင့်လမ်းထိပ် လဝကရုံးအဟောင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား (၄၀) မမလက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့က အသိပေးသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်) နံနက် ၄နာရီခန့်တွင်လည်း မုံရွာမြို့အဝင် ကားကြီးကွင်းနှင့်မျက်နှာချင်းဆိုင် ကညနရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များအား (၄၀)မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ကဆိုသည်။
လဝကရုံးရှိ စစ်ကောင်စီတပ်များ ထိခိုက်မှုမရှိသော်လည်း ကညနရုံးရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များ၊ (၄၀) မမ၊ (၆၀) မမတို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိကြောင်း သိရသည်။
“လဝကမှာကတော့ ထိခိုက်မှုမရှိခဲ့ပါဘူးဗျ။ ကညနကိုက ဒီကောင်တွေမနက်ပိုင်း လူလဲပြီးကင်းပတ်တဲ့အချိန် ၄နာရီလောက်မှာ ပစ်ခတ်ခဲ့တာပါ”ဟု Golden Eagle Force-Monywa-V2 အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Golden Eagle Force-Monywa-V2 နှင့်အတူ Springs Dove၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊၊ သေမင်းတမန် ပြောက်ကြားအဖွဲ့၊ 5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖေဖော်ဝါရီ၂၁ ရက်ကလည်း မုံရွာမြို့၊ ကျောက္ကာလမ်း၊ ဇလုပ်အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုးအထူးကွန်မန်ဒိုအဖွဲ့က ထုတ်ပြန်ထားသည်။
