ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တရားရုံး ယနေ့နေ့လယ်က ဗုံးခွဲတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း ရုံးအဆောက်အဦးနှင့် ကား၊ဆိုင်ကယ်အချို့ ပျက်ဆီးသွားသည်။
မိုးမိတ်တရားရုံးဝန်းအတွင်း ယနေ့(စက်တင်ဘာ ၁၉ရက်) နေ့လယ် ၂နာရီခန့်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်ခံရခြင်းဟု ယင်းနေရာအနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။
“ရုံးအရှေ့ပိုင်း ပျက်စီးတယ်။ ကားတွေရော၊ ဆိုင်ကယ်တွေရော ထိတယ်။ ပေါက်ကွဲတဲ့တစ်ချိန်တည်းမှာ သေနတ်သံ လေးချက်လည်း ကြားတယ်။ လူထိ၊မထိ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း မိုးမိတ်ခရိုင်ထွေအုပ်ရုံး၊ မြို့အဝင်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့သည်။
မိုးမိတ်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းအဖွဲ့ကလည်း စစ်ကောင်စီတော်လှန်ရေးဆောင်ရွက်နေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် SSPP တို့လည်း တိုက်ပွဲ ဖြစ်နေသည်။
