ကသာမြို့နယ် အင်းကြီးအုပ်စုအတွင်းရှိရွာလေးရွာကိုစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေရာ လေးရက်အတွင်းနေအိမ် ၅၀၀ ကျော်မီးလောင်ဖျက်ဆီးခံထားရကြောင်းကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
ကသာမြို့နယ်အင်းကြီးအုပ်စုကိုအင်းအား ၇၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းက ဖေဖော်ဝါရီ ၁၁ရက်မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
“ငအိုး(ကသာနှင့်ထိစပ်ဒေသ)တပ်ထဲနေကသာနယ်ထဲကို ဝင်လာတာ။ ကသာနယ်ထဲရောက်တော့နှစ်ဖွဲ့ကွဲပြီး ထီးချိုင့်ဖက်ဘက်ကို တစ်ဖွဲ့ဝင်တယ်။ ကသာနယ်ထဲကို တစ်ဖွဲ့၀င်လာပြီးမီးရှို့နေတာ”ဟုကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ကအင်းကြီကျေးရွာအုပ်စုအတွင်းရှိအင်းကြီး၊ လှေဘို၊ ဘုရားတောင်နှင့်မယ်ငိုကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးနေခြင်းပြီး ဖေဖော်ဝါရီ ၁၁ရက်မှ ဖေဖော်ဝါရီ ၁၄ရက်နံနက်အထိ နေအိမ် ငါးရာကျော် မီးလောင်ထားကြောင်းအင်းကြီးကျေးရွာဒေသခံများကပြောသည်။
“ရွာတွေကို မီးတိုက်ရှို့လာတာ။ အချို့ရွာတွေဖုန်းလိုင်းလုံးဝမရတော့လို့ ဘာသတင်းမှ မကြားခဲ့ရတာ။ အဲ့ဒီစစ်ကြောင်း အင်းကြီးကိုရောက်မှ သိရတာ”ဟုဒေသခံတစ်ဦးကပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၄) နံနက်ပိုင်းအထိစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေဆဲဖြစ်ကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည်လေဘိုရွာမှအော်ရီဒူးဖုန်းတာဝါတိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလလယ်ကကသာမြို့နယ်တိုက်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာအရာရှိအပါအဝင်သေဆုံးဒဏ်ရာရရှိသူများစွာဖြင့်စစ်ကောင်စီဘက်က အထိနာခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီတပ်ကတိုက်ကုန်းကျေးရွာအနီးမှမိုတားလေးကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ညနေတွင်လေကြောင်းမှသွားရောက်ဗုံးကျဲခဲ့၍ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။
