လက်နက်သုံးလက်ရဟု ကျားဖြူစစ်ကြောင်း အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း အဆိုပါဒေသရှိ ပူးပေါင်းတပ်ဖွဲ့တစ်ခုဖြစ်သည့် ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၁ရက် နံနက် ၅နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များမှ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကိုသွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။
“တိုက်ပွဲဖြစ်တာတော့ မှန်တယ်။ ထိခိုက်သေဆုံးမှုတွေ ကျဆုံးမှုတွေကတော့ ကျွန်တော်အားလုံး မသိခဲ့ဘူး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်း မှ တိုက်ခိုက်လာနိုင်ခြေရှိ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရေး သတိဖြင့် သွားလာကြရန် တိုက်တွန်းထားသည်။
“ကော့ကရိတ်မြို့မှာ မာရှယ်လောအမိန့်တွေ ထုတ်ပြန်ထားတယ်။ ည ၆နာရီဆို မသွားရတော့ဘူး မနက်ဆိုလည်း ၆နာရီ။ ထုတ်ပြန်မှုတွေရှိတော့ရှိတယ်”ဟု ဒေသခံက ပြောသည်။
