စစ်တပ်နှင့် ၎င်း၏ အပေါင်းအပါအုပ်စုများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများနေအိမ် အနည်းဆုံး ၅၅,၄၈၄ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း Data For Myanmar က ယနေ့ထုတ်ပြန်သည်။
စစ်အာဏာသိမ်းမှု ၂ နှစ်အတွင်း အရပ်သားနေအိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ၄၃,၂၉၂ လုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကာ အများဆုံးအရေအတွက်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလကုန်က စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့် အရေအတွက်မှာ ၃၆,၆၆၇ လုံးဖြစ်၍ တစ်လအတွင်း ၆,၆၂၅ လုံးကို ထပ်မံ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။




Data For Myanmar ၏ သုတေသနကောက်ယူမှုစစ်တမ်းအရ မကွေးတိုင်းတွင် လူနေအိမ် ၈,၈၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းတွင်လည်း တစ်လအတွင်း လူနေအိမ် ၂၈၈ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က တစ်လအတွင်း ထပ်မံမီးရှို့ခဲ့သည်။

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

Data For Myanmar သည် စစ်ကောင်စီတပ်ကပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးသည်ကို စနစ်တကျ မှတ်တမ်းပြုစု၍ ဖော်ပြပေးနေခြင်းဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဖြတ်တောက်ခံရမှုများကြောင့် စာရင်းမသိရသော၊ အတည်မပြုနိုင်သေးသောဒေသများရှိသဖြင့် အမှန်တစ်ကယ်မီးရှို့ဖျက်ဆီးခံရမှူမှာ ယခုထက်ပင်များနိုင်ကြောင်းသိရသည်။
