ချင်းပြည်နယ် ဖလမ်းမြို့အထက်တန်းကျောင်းအနီး ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့တွင် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးဦး သေဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
ဇန်နဝါရီ ၁၈ရက် မွန်းလွဲ ၃နာရီခန့်တွင် အထက (၁)၌ တာဝန်ချထားသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်ရာသုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း၊ CNFရဲဘော်များ ထိခိုက်မှုမရှိကြောင်း ဆလိုင်းထက်နီက ယနေ့နံနက်တွင် ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး The Chin Journalက ဖော်ပြထားရာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရဲတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်ဟု ဒေသခံများကို ကိုးကား ဖော်ပြခဲ့သည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ကျောင်းသူတစ်ဦး ပေါင်တွင်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူ အများအပြားကိုလည်း စစ်ကောင်စီတပ် ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။
