ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အသက်(၄) နှစ် အရွယ် မိန်းကလေးတစ်ဦးအား အိမ်နီးချင်းအမျိုးသားက အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုကို လူမှုရေးအရ ညှိနှိုင်းဖြေရှင်းစဉ် ယင်းအမျိုးသားအား ဒေသခံများက ဖမ်းဆီးလိုက်ပြီး ဥပဒေအရ အရေးယူနိုင်ရေးကြိုးစားနေသည်။
အထက်ပါအမှုသည် မြစ်ကြီးနားမြို့ ရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီ၂ရက်က ဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို ဖေဖော်ဝါရီ ၇ရက်တွင်မှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
“လူမှုရေးနဲ့ ညှိဖို့ကြိုးစားနေချိန်မှာ ဒါဟာပြစ်မှုကြီးတယ်ဆိုတာ ရှင်းပြပြီး ဥပဒေအရအရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ ဖမ်းပြီး ရဲစခန်းအပ်ထားပါတယ်”ဟု အခင်းဖြစ်ရာရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
အဖမ်းခံထားရသူမှာ အသက်(၆၀)အရွယ် အိမ်နီးချင်းအမျိုးသားတစ်ဦး ဖြစ်သည်။ ကလေးငယ်ကို မုန့်ကျွေးမည်ဟုပြောပြီး ၎င်း၏ အိမ်ပေါ်သို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခြင်းဟု ဒေသခံများက ပြောသည်။
“ဘေးအိမ်က တစ်ယောက်က မသင်္ကာလို့လိုက် ကြည့်တာ။ ကလေးကို ဘောင်းဘီချွတ်ပြီး မဖွယ်မရာလုပ်ဖို့ ပြင်နေတုန်း ကလေးရဲ့မိဖတွေကိုသွားပြောလို့ ဒီကိစ္စကို သိရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ကျူးလွန်သူအမျိုးသားက အမှုကို ဖျောက်ဖျက်ရန်အတွက် လူမှုရေးအရ ကျေအေးပေးရန် ကလေးငယ်၏မိဖများနှင့် ညှိနှိုင်းခဲ့သည်။ ထိုအကြောင်းကို ဒေသတွင်း အမျိုးသမီးများနှင့် ကလေးငယ်များအရေးဆောင်ရွက်နေသူများကသိရှိပြီးနောက် ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
ကလေးငယ်သည် ယခုအခါ ကျန်းမာရေးမကောင်းဘဲ ပုံမှန်အခြေအနေမဟုတ်ကြောင်း၊ ကိုယ်ခန္ဓာတွင် ပွန်းပဲ့ဒဏ်ရာအချို့တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
” ရဲစခန်းမှာ ချုပ်ထားတယ်။ ဆေးစစ်ချက်လည်းစောင့်နေတယ်။ ဒီလ်ိုမျိုးအမှုက လူ့အဖွဲ့အစည်းက ဝိုင်းပြီးကူညီရမယ့်အမှုမျိုးပါ”ဟု မြစ်ကြီးနားမြို့မှအမျိုးသမီးများနှင့်ကလေးငယ်များအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
