တိုင်းပြည်နှင့် လူထုအား လက်ရှိကြုံတွေ့နေရသော ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်စေရန်ရှမ်းပြည်နယ်အတွင်းရှိ တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးအင်အားစုများသည် တညီတညွတ်တည်း ပေါင်းစည်း ညီညာ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်တိုက်ဖျက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်တည်ထောင်ရေးဟူသော ပြည်သူလူထု၏ မျှော်မှန်းတောင့်တချက်များကို ကြိုးစားဖြည့်စွမ်း ပေးကြ လိမ့်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန က သဝဏ်လွှာပေးပို့လိုက်သည်။

ယနေ့ ကျရောက်သော (၇၆) နှစ်မြောက် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)အတွက်သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်နှင့်ရှမ်းလူထုသည်ခေတ်အဆက်ဆက်နိုင်ငံရေးလှိုင်းတံပိုးကြမ်းများကို နှစ်ကာလ များစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ယနေ့မျက်မှောက် အချိန်အခါတွင်လည်း ရှမ်းပြည်နယ်အပါအဝင် တိုင်းပြည် တဝှမ်းတွင် ဖက်ဆစ်စစ်တပ်၏ ဆိုးသွမ်းယုတ်မာ ရက်စက်မှုများကို ပြည်သူများ ခါးစည်းခံစားနေရဆဲ ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
ရှမ်းပြည်နယ်ရှိ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော RCSSနှင့် SSPP တို့သည် ပြည်သူထုကို အကြမ်းဖက်နှိပ်စက်နေသည့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသည်။
မကြာသေးမီရက်ပိုင်းက ရှမ်းတပ် SSPPက ဖက်ဒရယ်နှင့် ဒီမိုကရေစီ ကို လိုလားသော အင်အားစုများနှင့် လက်တွဲမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ထိုကြောင့် NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်အရေးလက်တွဲ ဆောင်ရွက်နိုင်ရန် အစိုးရ အနေဖြင့် အမြဲတမ်း ဖိတ်ခေါ် လျက်ရှိကြောင်း SSPPကို အသိပေးထားသည်။
