ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက Yangon Petrol ကုမ္ပဏီအား ချထားပေးခဲ့သည့် ဆီဆိုင်မြေကွက်များကို စစ်ကောင်စီက ပြန်လည်သိမ်းလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ဖော်ပြထားသည်။
Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြုပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။
“လက်စားချေ နိုင်ငံရေးကို စစ်တပ်ကအကောင်အထည်ဖော်နေတာ။ဒါကြောင့်အရင်အစိုးရလုပ်သမျှကိုအကုန်လုံးပြောင်းပြန်လှန်နေတာ”ဟုရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
မရမ်းကုန်မြို့နယ်တွင်မြေ ၃ဒသမ ၇ ဧကရှိသည့် မြေကွက်၊ သင်္ဃန်းကျွန်းမြို့နယ် မြေ ၀ ဒသမ ၆၉၉ ဧကရှိသည့်မြေကွက်၊ တောင်ဒဂုံမြို့နယ် စုစုပေါင်းမြေဧက ၆၈ ဧကကျော်ရှိသည့် မြေကွက် ၃ကွက်နှင့် ဒလမြို့နယ်ရှိ မြေတစ်ဧကခွဲခန့်ရှိမြေကွက် စသည်တို့ပါဝင်သည်ကိုတွေ့ရသည်။
Yangon Petrol ကုမ္ပဏီက အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံပိုင်မြေ ၂၆ ကွက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နှုန်းဖြင့် အမည်ပေါက် ဝယ်ယူခွင့်ရရှိခဲ့ပြီးနောက်ဂရန့်အမည်ပေါက်ရရှိခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထိုသို့ နိုင်ငံပိုင်ကို မြေကွက်ကို ရောင်းချခဲ့ခြင်းကြောင့်ကျပ် သန်း ၄၂၀၀ ကျော် နစ်နာဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဟံထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွဲဖက်အတွင်းရေးမှူး ဦးသန်း တို့ကိုအဂတိလိုက်စားသည်ဟုစွပ်စွဲကာအမှုဖွင့်ခဲ့သည်။
