ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT Exchangeရုံး မီးလောင်မှုဖြစ်ခဲ့ရာ MPT နှင့်သက်ဆိုင်သည့် ဆက်သွယ်ရေးကွန်ရက်များပြတ်တောက်နေကြောင်း MPT အသုံးပြုသူများကပြောသည်။
“အခုအချိန်အထိတော့ မရသေးဘူး။ အကြောင်းကြားစာတွေဘာတွေလည်း ဝင်မလာပါဘူး”ဟု ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် MPT ဆင်းကတ်အသုံးပြုသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီကျော်တွင် (၈) မိုင်လမ်းဆုံအနီးရှိ MPT Exchange ရုံး မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မီးလောင်ပြီးချိန်၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သော်လည်း MPT အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိသေးပေ။
MPT FTTH Internet Service MMVR ၏ ဖေ့စ် ဘွတ်ခ်တွင် မီးလောင်မှုကြောင့် အင်တာနက်လိုင်း ယာယီပြတ်တောက်မှုဖြစ်နေကြောင်း ကြေညာထားသည်။
မီးလောင်မှုဖြစ်သည့် အချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းအင်တာနက်လိုင်း ပြတ်တောက်မှုဖြစ်ခဲ့သော်လည်း နေ့လည် ၁၂ နာရီတွင် အချို့နေရာများ၌ ဖုန်းလိုင်းများ ပြန်အသုံးပြု၍ရကြောင်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ရေးသား၍ တင်ထားကြသည်။
