ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်မှာ ဒီနေ့မနက်အစောပိုင်း မီးလောင်မှုဖြစ်ပွားရာ အိမ်ရှင် သက်ကြီးရွယ်အို အပါအဝင် လူ ၄ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
မြောက်ဒဂုံမြို့နယ် ၊ ၃၃ ရပ်ကွက် ၊ စိန်ပန်းမြိုင်လမ်းမှာရှိတဲ့ ၂ ထပ်အိမ် ဟာ ဒီနေ့မနက်ပိုင်း ၂ နာရီမခွဲခင်က စတင်ပြီး နာရီဝက်နီးပါး လောင်ကျွမ်းခဲ့တာလို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေအရ မီးကြီးပြီး မီးငြိမ်းပြီးနောက် မီးလောင်ပြင်ထဲမှာ မီးလောင်ကျွမ်းနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။
သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် သက်ကြီးရွယ်အို အဘွားအို ၊ အဲဒီအဘွားကို ပြုစုနေတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၃၀ နှစ်အရွယ် သူနာပြုအမျိုးသမီး ၂ ဦးနဲ့ အိမ်ရှင်အဘွားအိုရဲ့အသက် ၅၀ နှစ်အရွယ်သားဖြစ်သူတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီမီးလောင်မှုမှာ ဘေးအိမ်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာမရှိပါဘူး။
