ပဲခူးတိုင်း နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်ပိုင်း ဘိုကြီးစခန်းကျေးရွာတွင် တပ်စွဲထားသောစစ်ကောင်စီတပ်ဖွဲ့များထံသို့ အင်အားဖြည့် တင်းရန်လာသောစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF ကပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၂၆)နေ့လယ် ၂ နာရီခွဲခန့်ကဘိုကြီးစခန်းကျေးရွာသို့မကျီးပင်စက်လှေဂိတ်မှတက်လာသောစစ်ကောင်စီတပ်ဖွဲ့အင်အား(၂၀)ဦးခန့်ကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ – ၁ (Zigon PDF) ၊ တပ်ခွဲ – ၂ ( Phoenix)၊ တပ်ခွဲ – ၃ (နတ်စစ်သည်)နှင့် တပ်ခွဲ – ၄ (MRF) ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သူတို့(စစ်ကောင်စီတပ်)ကစက်လှေနဲ့တက်လာတာဆိုတော့ အင်အားက (၁၅)ယောက်နဲ့ (၂၀)ကြားလောက်ရှိတယ်ခင်ဗျ။ ဒီမှာက(ဘိုကြီးစခန်းကျေးရွာ)က သူတို့အထိုင်ချထားတဲ့တပ်ရှိတော့ အင်အားလာဖြည့်တာပေါ့။ အဲဒါကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ”ဟု သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၂)Phoniex DF မှ တာဝန်ခံ ကိုရှည်ကြီးက ပြော သည်။
ကြားဖြတ်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ခြောက်ဦးအပြင်းအထန်ဒဏ်ရာရကာ အထိနာသွားသောကြောင့်တပ်ပြန်ဆုတ်သွားကြောင်း ၎င်းကဆက်ပြောသည်။
တိုက်ခိုက်မှုအတွင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့သည်ဟုလည်းသိရသည်။
နောက်ဆက်တွဲအခြေနေများအရ စစ်ကောင်စီတပ်အားလိုက်ပို့သော စက်လှေသမားနှင့် အရပ်သားပြည်သူတစ်ဦး မစိုးရိမ်ရဒဏ်ရာရသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေကြရန် သာယာဝတီခရိုင် PDF က ပန်ကြားထားသည်။
