စစ်ဗိုလ်နှင့် တပ်ကြပ်သေဆုံးပြီး လက်နက်နှင့်ကျည်များသိမ်းဆည်းရမိ
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ဗိုလ်နှစ်ဦးအပါ အဝင် လေးဦးလိုက်ပါလာသည့်ယာဥ်နှင့် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ဗိုလ်နှင့် တပ်ကြပ်တို့ သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။
ယနေ့ (ဇန်နဝါရီ ၂၇ရက်)မွန်းလွဲ ၂ နာရီ ၄၅မိနစ်ခန့်က ပေါက်မြို့အရှေ့ဘက် (၄)မိုင်အကွာယာကြီးပင်ရွာ ပျူစောထီးစခန်းမှ စစ်ဗိုလ်နှစ်ဦးအပါအဝင်လေးဦးသည် ပေါက်မြို့သို့ Mark-2 ကားဖြင့် မောင်းနှင်လာခဲ့သည်။

ထိုအချိန် အုန်းတောကျေးရွာအနီး၌ မဟာမိတ်အဖွဲ့က စစ်ဆေးနေစဉ် အဆိုပါယာဥ်ရောက်လာပြီး ယာဉ်ပေါ် မှ စတင်ပစ်ခတ်သဖြင့် မဟာမိတ်ရဲဘော်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ယာဥ်ပေါ်ပါ စစ်ဗိုလ်တစ်ဦးနှင့် တပ်ကြပ်တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်သားတစ်ဦးနှင့် ဗိုလ်ထိန်လင်းစိုးဆိုသူတွင် စိုးရိမ်ရ သေနတ်ဒဏ်ရာများအသီးသီး ရရှိသွားကြောင်း ကိုလယျာ်က ပြောသည်။
ကျန်စစ်ဗိုလ်နှင့် စစ်သားနှစ်ဦးသည် ယာဉ်ပေါ်မှ သေနတ်များယူဆောင်ပြီး ထွက်ပြေးသွား၍ လိုက်လံပစ်ခတ်ရာ နှစ်ဦးလုံး ဒဏ်ရာအသီးသီးရရှိ၍ လွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ စစ်အုပ်စုထံမှ MA-3 သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် ၆၈ တောင့်၊Icon တစ်လုံး၊ ကျည်ကာတစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း မြိုင်(ပကဖ)က အသိပေးသည်။
မဟာမိတ်အဖွဲ့များဘက်က ရဲဘော်တစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ထိမှန်ဖောက်ထွက်ခြင်း၊ ဖနောင့်တွင် သေနတ်ကျည်ထိမှန်ခြင်းတို့ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ကိုလယျာ်က ပြောသည်။
“သူတို့ကားပေါ်မှာ ဗိုလ်နှစ်ကောင်နဲ့ အကြပ်နှစ် ကောင်ပါတယ်။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုမြင်တာနဲ့ တန်းပစ်တော့တာ။ ကျွန်တော်တို့က ပြန်ပစ်တော့ စစ်ဗိုလ်တစ်ကောင်နဲ့အကြပ်တစ်ကောင် သေတယ်။ လွတ်သွားတဲ့နှစ်ယောက်ထဲက ဗိုလ် ထိန်လင်းစိုးဆိုတဲ့ကောင်လည်း ခုခွဲစိတ်ခန်းဝင်နေရတယ်။ စိုးရိမ်ရတယ်ကြားတယ်။ ဒီကောင်တွေကပြေးရင်းနဲ့ချောက်ထဲမှာခိုအောင်းခဲ့တယ်ကြားတယ်။ ကျည်အားနည်းလို့လိုက်မပစ်နိုင်တာ။”ဟု ကိုလယျာ်က ပြောသည်။
၎င်းတို့မောင်းနင်လာသော ယာဉ်မှာမောင်း၍ မရတော့ဘဲ မီးရှို့ရန်လည်း စစ်ကူလာရန်နီးကပ်ခြင်း၊ အဖွဲ့လုံခြုံရေးကျိုးပေါက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်(ပကဖ)က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို မြိုင် (ပကဖ)ရင်း ( ၁ )၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များနှင့် YDF တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
