နွေဦးတော်လှန်ရေးအတွင်းပေးဆပ်ခဲ့သော သူရဲကောင်းများ၏ တာဝန်ကျေပွန်ခဲ့မှုများအတွက် အမှတ်ရနေမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး သူရဲကောင်းများကျဆုံးမှုနှင့် တကွမလွတ်လပ်သေးသော နိုင်ငံတော်အတွက် အလုပ်ဖြင့်သက်သေပြမည်ဖြစ်ကြောင်း သစ္စာပြုသည်ဟု ဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်များအပေါ် ပြောကြားသည့် ဂါရ၀စကားအား ဇန်နဝါရီ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ရာ ကာကွယ် ရေးဝန်ကြီးဌာနက ယာယီသမ္မတ၏ စကားကို ပြန်လည်မျှဝေကာ အလုပ်ဖြင့်သက်သေပြမည် ဟု သစ္စာပြုခဲ့ခြင်းဖြစ်သည်။

ယာယီသမ္မတ၏ ဂါရ၀စကားတွင် “ကျွန်ုပ်တို့သည် နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားခဲ့သော သူရဲကောင်း အာဇာနည်များ၏ မိသားစုဝင်များနှင့် တသွေးတသားတည်း ထပ်တူ ကြေကွဲဝမ်းနည်း နှမြေတသ ဖြစ်ရပါသည်။ အားလုံးမျှော်မှန်းတန်ဖိုးထားသည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် ကိုယ်ကျိုးစွန့်ခဲ့သော သူရဲကောင်းတို့၏ မြင့်မြတ်သော စိတ်ထားနှင့် ရဲစွမ်းသတ္တိ တို့ကို မြန်မာပြည်သူများက လေးစားစွာဖြင့် ဦးညွတ်ဂါရ၀ပြုပါသည်။ သူရဲကောင်းတို့၏ စွန့်လွှတ်အနစ်နာခံမှုကို ကျွန်ုပ်တို့၏ နှလုံးသားတွင် အစဉ်ထာ၀ရ မော်ကွန်းထိုး မှတ်တမ်းတင်ထားမည်ဖြစ်သည်”ဟု ရေးသားထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုနှစ်တွင် စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး တော်လှန်ရေး အဆုံးအဖြတ်ကို ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။
