မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသား ၂ ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စုံစမ်းနေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက် မနက် ၈ နာရီခန့်က ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားအမျိုးသားနဲ့အမျိုးသမီးတို့ ကို လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာပါ။
တရုတ်နိုင်ငံသား ၂ ဦး ဖမ်းခံရတဲ့ ဖြစ်စဉ်ဟာ မှန်ကန်ကြောင်းနဲ့ ဖမ်းသွားတဲ့အဖွဲ့နဲ့ ဖမ်းဆီးရတဲ့အကြောင်းရင်းကိုသိနိုင်ဖို့ စုံစမ်းနေတယ်လို့ ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောပါတယ်။
“အဖမ်းခံရတာကို ပအဖနဲ့ပေါင်းပြီး စုံစမ်းနေတယ်။ ရရှိတဲ့ သတင်းအရ ငွေလိုချင်လိုဖမ်းတယ်လို့သိရတယ်။ ”လို့ ပခုက္ကူမြို့နယ်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
လူမှုကွန်ယက်မှာ ပျံနှံနေတဲ့ CCTV ရုပ်သံဖိုင်အရ လူ ၅ ဦးခန့်ပါဝင်တဲ့ လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့ သူတို့ရဲ့ လုံခြုံရေးလို့ယူဆရတဲ့အမျိုးသားတစ်ဦးကိုလည်းထိုးကြိတ်ကန်ကျောက်ခဲ့တာတွေ့ရပါတယ်။
“ဒါနဲ့ပတ်သတ်ပြီး ပကဖ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ကော၊ ပအဖ(ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့) ကော စုံစမ်းမှုတွေလုပ်နေတယ်ကြားတယ်။ ဒီလိုမျိူးလုပ်တာ(တရုတ်နိုင်ငံသားနှစ်ဦးအားဖမ်းဆီးခြင်း)ကိုတော့ တော်လှန်ရေးအဖွဲ့တွေကသဘောမကျဘူးဖြစ်နေတယ်” လို့ပခုက္ကူမြို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဖမ်းသွားတဲ့အဖွဲ့ကို မသိရသေးဘူးလို့လည်း ပခုက္ကူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ တရုတ်နှစ်ကူးအပြီး မှာဖြစ်ခဲ့တာပါ။နွေဦးတော်လှန်ရေးဟာ တရုတ်ရဲ့အကျိုးစီးပွားကိုမထိခိုက်စေရဘူးလို့ NUG အစိုးရက တရုတ်နှစ်သစ်ကူးသဝဏ်လွှာမှာ အာမခံသတင်းစကားပါးပြီးနောက် အခုလို ဖြစ်စဉ်ဖြစ်လာတာကိုတွေ့ရပါတယ်။စစ်ကောင်စီမီဒီယာနဲ့စစ်ကောင်စီလော်ဘီလူမှုကွန်ရက်တွေကPDFတွေကဖမ်းတာလို့ စွပ်စွဲဝါဒဖြန့်နေကြပါတယ်။
ရန်ကုန်မြို့မှာ ရှိတဲ့ တရုတ်သံရုံးက ဖမ်းခံလိုက်ရတဲ့ တရုတ်နိုင်ငံသား ၂ ဦးဟာ စက်ရုံဝန်ထမ်းတွေဖြစ်တယ်လို့ ဘီဘီစီ မြန်မာပိုင်းကိုအတည်ပြုထားပါတယ်။
