စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်ကူလာသည့် ထောက်ပို့စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီ တပ်သား၅ဦးသေဆုံးကာစစ်အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း Mother Heros Local PDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂ ရက်နေ့က ရွှေဘိုမြစ်ကြီးနားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ အလယ်သျှိုဒေသသို့ လက်နက်ကြီးကျည်၊ လူအင်အားအမြောက်အများဖြင့် ပြည်သူ့ကားကိုချောဆွဲကာ ထောက်ပို့သွားသည့် စစ်ကောင်စီ၏ ဆယ်ဘီးကားတစ်စီးအား ရွှေဘိုနှင့် ခင်ဦး လမ်းဆုံကြားတွင် မဟာမိတ်အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Mother heros Local PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။




ယာဥ်ပေါ်ပါ ကျည်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ကို တွေ့ရသည်။
“မိုင်းထိပြီးတော့ ကျွန်တော်တို့ဘက်ကလည်း လက်နက်ငယ် လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်ဗျ။ သူတို့ဘက်က ရွှေဘို လေ့ကျင့်ရေး(၈) ကနေ တပ်ကူ လာပြီး နောက်ပြန်ဆုတ်ခေါ်ထုတ်သွားတယ်။ Mother Hero အဖွဲ့ နဲ့ မဟာမိတ်အဖွဲ့ကတော့ အထိအခိုက်မရှိအဆင်ပြေခဲ့ပါတယ်။”ဟု Mother heros Local PDF အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



ခင်ဦးမြို့နယ်၊ အလယ်သျှိုကျေးရွာအား ရွှေဘိုလေ့ကျင့်ရေး-၈မှ စစ်ကောင်စီတပ်နှင့် ကန့်ဘလူနယ်ဘက်မှပျူများသည် ဒီဇင်ဘာ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဝင်ရောက်ခဲ့ပြီး ပြည်သူများအား ဖမ်းဆီးကာ ၈ ဦးထက်မနည်း သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် PDF ရဲဘော်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကလည်း အကျအဆုံးများရှိခဲ့သည်။
