စစ်ကောင်စီကို နိုင်ငံခြားငွေရှာဖွေပေးနေသည့်ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ရန်ကုန်မြို့တွင် တည်ဆောက်မည့် ဒေါ်လာ ၂ ဘီလီယံတန် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီထုတ်ဖော်ပြောကြားလာကြောင်း ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြသည်။
ရန်ကုန်မြို့ အနောက်တောင်ဘက်အစွန်တွင်တည်ဆောက်ရန်စီစဥ်ထားသော မဂ္ဂါဝပ် ၆၀၀နှင့် ဓါတ်အားလိုင်းများပါဝင်သည့် အဆိုပါစီမံကိန်းကို ထိုင်းကုမ္ပဏီက ၂၀၂၀ခုနှစ် ဒီဇင်ဘာလတွင် အရပ်သားအစိုးရလက်ထက်၌လုပ်ကိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
ထိုစီမံကိန်းသည် မုတ္တမပင်လယ်ကွေ့ရှိ ကမ်းလွန်လုပ်ကွက် M-3ရှိ အောင်သိင်္ခဓာတ်ငွေ့စီမံကိန်းမှထွက်ရှိသည့် ဓါတ်ငွေ့များဖြင့် မြန်မာနိုင်ငံတွင်းလျှပ်စစ်မီးထုတ်လုပ်ရောင်းချရန် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

M3 လုပ်ကွက်တွင်ထိုင်းကုမ္ပဏီက ရှယ်ယာ ၈၀ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက်အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာကိုသတ်ဖြတ်၍ သောင်းနှင့်ချီသောပြည်သူများ၊နိုင်ငံရေးသမားများကိုမတရားဖမ်းဆီးကာ၊နိုင်ငံတစ်ဝန်းနေအိမ်ပေါင်းသောင်းချီမီးရှို့ဖျက်ဆီးခဲ့သော စစ်အုပ်စုကို အနောက်နိုင်ငံများပစ်မှတ်ထားအရေးယူမှုများဆောင်ရွက်နေသော်လည်း ထိုင်းကုမ္ပဏီက စစ်အုပ်စုနှင့်လက်တွဲ၍ ဓါတ်ငွေ့ထုတ်လုပ်မှုများကိုမူ ဆက်လက်ဆောင်ရွက်မည်ဟု ကုမ္ပဏီကဆိုထားသည်။
မြန်မာနိုင်ငံမှဓါတ်ငွေထုတ်လုပ်မှုထက်ဝက်ဖြင့်ထိုင်းနိုင်ငံ၏လျှပ်စစ်အသုံးပြုမှု ၏ ၂၀ ရာခိုင်နှုန်းကိုဖြေရှင်းနေပြီး မြန်မာတွင် ဓါတ်ငွေ့ဆက်လက် ထုတ်လုပ်နေမှုမှာမြန်မာပြည်သူကိုမထိခိုက်နိုင်ဟု PTTEP အမှုဆောင်အရာရှိချုပ် Montri Rawanchaikul ကဆိုသည်။
ဥရောပသမဂ္ဂ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စစ်ကောင်စီလက်အောက်ခံ MOGEနှင့် လက်တွဲဆောင်ရွက်နေသည့် ထိုင်းPTTEPကုမ္ပဏီတွင် ငွေသားရင်းနှီးမြှပ်နှံထားသည့် နော်ဝေးအစိုးရပိုင် Norfund က ရင်းနှီးမြှပ်နှံမှုများကိုမကြာခင်က ရပ်ဆိုင်းခဲ့သည်။
