▪︎တိုက်ပွဲတွင်အထိနာခဲ့၍ အလာတွင်တပ်ရင်းသုံးရင်းပေါင်းလာသောစစ်ကြောင်းအပြန်တွင် တစ်ရင်းစာပင်မကျန်တော့ဟုPDF ပြော
ကသာမြို့နယ်တိုက်ကုန်းကျေးရွာတွင်တပ်စွဲ၍နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့(ဇန်နဝါရီ ၂၄ရက်)နံနက်မှစ၍ ရွာမှ ထွက်ခွာသွားသော်လည်း မိုင်းအန္တရာယ်ကြောင့်ဒေသခံပြည်သူများနေရပ်မပြန်ရဲကြကြောင်း ဒေသခံများကပြောသည်။
တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ရက်မှစ၍ ဝင်ရောက်တပ်စွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ရက်ကြာတပ်စွဲဲပြီးနောက်ဇန်နဝါရီ ၂၄ရက်နံနက်တွင်ရွာမှ ထွက်ခွာသွားသည်ဟုဒေသခံများကပြောသည်။
“စစ်တပ်က နေအိမ် အလုံးရေး ၄၀ ကျော်မီးရှို့သွားတယ်။ အခုပြန်ထွက်သွားပြီ။ ဒါပေမယ့်စစ်တပ်က မိုင်းတွေထောင်ခဲ့နိုင်တာကြောင့်မပြန်ရဲသေးဘူး။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မိုင်းရှင်းပြီးမှ ဝင်လို့ရမယ်” ဟုဒေသခံတစ်ဦးကPeople’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်သည်တိုက်ကုန်းရွာအနီးဇန်နဝါရီ၁၇ရက်မှ စတင်သည့်တိုက်ပွဲတွင်အရာရှိအချို့အပါအဝင် ၅၀ဦးထက် မနည်းသေဆုံးကြောင်းတော်လှန်ျရးအင်အားစုများကပြောသည်။ မြေပြင်တိုက်ပွဲများတွင်သေဆုံးဒဏ်ရာရမှုများပြီးအထိနာနေသဖြင့်စစ်ကာင်စီတပ်က ဇန်နဝါရီ ၁၈ရက်မှစတင်ကာ လေကြောင်းမှအကြိမ်ရေများစွာတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၁၈ရက်မှ ၂၂ရက် အထိ လေကြောင်းတိုက်ခိုက်မှု ၂၀ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
တိုက်ကုန်းရွာအနီးရှိမိုးတားကျေးရွာကိုဇန်နဝါရီလ ၁၈ ရက်ညနေက စစ်ကောင်စီလေကြောင်းမှဗုံးကျဲသဖြင့်ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာခဲ့သည်။ မိုးတားနှင့်တိုက်ကုန်းကျေးရွာမှ ဒေသခံများသည် ယနေ့(ဇန်နဝါရီ ၂၅ရက်)အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်သည်။
“စစ်ကောင်စီတပ်တွေ လာလမ်းအတိုင်းပြန်ဆုတ်မယ်လို့ ထင်တယ်။ ကျောက်ကြီးနဲ့ မြို့လှဘက်ကို ထွက်မယ်ထင်တယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းသည် တပ်မ ၇၇ လက်အောက်ခံတပ်ရင်း သုံးခုထက်မနည်းပေါင်းကာ ကသာနယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော်လည်း ယခုအခါ စစ်ကြောင်းတကြောင်းစာအင်အားပင်မရှိတော့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
