စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာလေးကျေးရွာနှင့်တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ယနေ့ညနေပိုင်းက ဗုံးကြဲရာ ဒေသခံပြည်သူ ၇ဦးသေဆုံးပြီး ၃၀ ဦးထက်မနည်းဒဏ်ရာခဲ့ကြောင်းဒေသခံများကပြောသည်။
ဇန်နဝါရီလ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတိုက်လေယာဥ် သုံးစင်းသည် မိုးတားလေးရွာသို့ စတင်တိုက်ခိုက်ပြီး တစ်ဆက်တည်းတွင်တိုက်ကုန်းကျေးရွာကိုပါ တိုက်ခိုက်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။




” မိုးတားလေးကို ပေါင် ၅၀ဝ ဗုံးကြဲသွားတာ။ ဒီညနေအထိ အရပ်သား၇ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အရပ်သားနေအိမ်တွေပေါ် တမင်ပစ်ချသွားတာ”ဟု အဆိုပါရဲဘော်ကပြောသည်။
စစ်ကောင်စီတိုက်လေယာဥ် သုံးစီးစလုံးသည် မြစ်ကြီးနားလေဆိပ်မှ တက်လာပြီး ကသာကို တိုက်ခိုက်သွားခြင်ဟု စစ်ကောင်စီလေကြောင်းသတင်းများကို ထုတ်ပြန်ပေးနေသည် ဝေဟင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၏ admin တစ်ဦးက People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် ယနေ့ နံနက်ပိုင်းတွင် မိုးတာလေးကျေးရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ နံနက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် ညနေပိုင်းတွင် ရွာများကိုလေကြောင်းမှ သွားရောက်ဗုံးကျဲခြင်းဖြစ်သည်။
