စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီလက်ပါးစေများ၊ ယင်းတို့၏ ထောက်တိုင်များနှင့် ပတ်သက်ဆက်နွယ်ခြင်း၊ ယှဉ်တွဲသွားလာခြင်းများ ရှောင်ရှားရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။
ပခုက္ကူ – ကမ္မ- ပေါက်လမ်းပိုင်း၊ ကမ္မ-မြစ်ခြေ လမ်းပိုင်း တို့နှင့် ပတ်သက်၍ အသိပေးကြေညာချက်ကို ပခုက္ကူ(ပကဖ)က ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း အသိပေးထားခြင်းဖြစ်သည်။
ပခုက္ကူမြို့နယ်အတွင်း အထက်ပါ လမ်းပိုင်းနှင့် အနီးတဝိုက် နေထိုင်သွားလာနေကြသော ဒေခသံ ပြည်သူများအနေဖြင့် ဇန်နဝါရီ ၂၈ရက်မှစ၍ သိရှိလိုက်နာရမည့် အချက်များကို ထုတ်ပြန်ထားခြင်းဖြစ်သည်။
အထက်ပါလမ်းပိုင်းများသို့ ဖြတ်သန်းသွားလာကြသည့် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ အနေဖြင့် နေ့စဉ် ညနေ ၆နာရီမှ နံနက် ၆နာရီ အတွင်း ဖြတ်သန်းသွားလာခြင်းမပြုရန် ၊ မော်တော်ကားများ မောင်းနှင်သွားလာရာ၌ ကားမှန်ချ၍အရှိန်လျှော့ မောင်းနှင်ကြရန် ထုတ်ပြန်ထားသည်။
တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက လိုအပ်ချက်အရ အခါအားလျော်စွာ စစ်ဆေးမှု ပြုလုပ်သည့်အခါ ကြည်ဖြူစွာ စစ်ဆေးမှုခံယူရန် ဖော်ပြထားသည်။
ယခု ကြေညာချက်ပါ အချက်များအား နောက်ထပ် တစုံတရာ မထုတ်ပြန်မချင်း လေးစားလိုက်နာကြရန် ထုတ်ပြန်ခဲ့ပြီး ပျက်ကွက်ပါက မြို့နယ်(ပကဖ)နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အနေဖြင့် နောက်ဆက်တွဲ ကိစ္စရပ်များအားတာဝန်ယူမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
