နမ္မားမြို့တွင် စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက်လိုက်လံစည်းရုံးနေသော ရှမ်းနီပါတီဝင် ၂၀၂၀ရွေးကောက်ပွဲရှုံးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်းဒေသခံများပြောသည်။
နမ္မားမြို့မှဦးတင်ညွှန့်ဆိုသူအမျိုးသားသည် ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက မြို့ပေါ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခြင်းဟုဒေသခံများကပြောသည်။
” ဦးတင်ညွန့်က ရှမ်းနီပါတီက။ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းတယ်။ ရွေးကောက်ပွဲအတွက်လည်း လိုက်စည်းရုံးနေတဲ့သူ။ သူသေနတ်နဲ့ပစ်သတ်ခံလိုက်ရပါတယ်”ဟု နမ္မားမြို့ခံတစ်ဦးကပြောသည်။
လူသုံးဦးက လက်ဖက်ရည်ဆိုင်အတွင်းဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိကြောင်း ဒေသခံများကပြောသည်။ မည်သည့်အဖွဲ့ကပစ်ခတ်သွားသည်ကိုလည်းမသိရသေးပေ။
ဦးတင်ညွှန့်သည် ၂၀၂၀ ရှေပိုင်းကာလကပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည်။ထို့နောက်တွင်ကြံခိုင်ရေးပါတီမှနှုတ်ထွက်ကာရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) သို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် SSP ပါတီကိုယ်စားပြုကာကချင်ပြည်နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ် (၇) နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။
