အကြမ်းဖက်စစ်အုပ်စု၏ လုပ်ငန်းများတွင်ပါဝင်သည့် စစ်ကောင်စီခန့် ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနအသီးသီးမှ Non-CDM ဝန်ထမ်းများ၊ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင်ပါဝင်ဆောင်ရွက် နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၊ အကြမ်းဖက် စစ်အုပ်စု တည်တံ့ရေး ထောက်ပံ့ပေးနေသည့် ထောက်တိုင်များအား ပြင်းထန်ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်ကြေညာသည်။
အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင်ပါဝင်နေကြသူများအား ထိရောက်စွာ အရေးယူနိုင်ရေး အတွက် မှတ်တမ်းရယူ သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရန်ရည်ရွယ်ပြီး ဒေသအသီးသီး၌ လူဦးရေ စာရင်းများ တအိမ်တက်ဆင်း ကောက်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး စာရင်းကောက်ယူမှုကို ဇန်နဝါရီ ၇ရက်မှ စတင်နေခြင်းဖြစ်သည်။
တရားမဝင် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ တာဝန်ပေး၍ ဆောင်ရွက်စေရန် ပြုလုပ်ခြင်း၊ အကြမ်းဖက် စစ်အုပ်စု၏ လုပ်ငန်းများတွင် ပါဝင်စေရန် တိုက်တွန်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းခြင်းများသည် အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်အုပ်စု၏ တရားမဝင်လုပ်ငန်းများတွင် ပါဝင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုမိစေရန် အုတ်ဖို (ပအဖ)က မေတ္တာရပ်ခံထားသည်။
