စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးကိုမဆို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု မတူပီမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။
မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်းတို့ မတရား အာဏာသိမ်းယူထားသည့် နိုင်ငံတော်အာဏာအား ဆက်လက်ထိမ်းသိမ်းနိုင်ရေးနှင့် အကြမ်းဖက်အဖွဲ့ တရားဝင်အစိုးရ ဖြစ်လာရေးအတွက် ဟန်ပြရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟု မတူပီ CDFက ဆိုသည်။

မတူပီ CDFအနေဖြင့် စစ်ကောင်စီ ပြုလုပ်မည့် ဟန်ပြရွေးကောက်ပွဲအား လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားပြီး ပြည်သူများအနေဖြင့် စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ကြရန် သတိပေးခဲ့သည်။
ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကလည်း စစ်ကောင်စီ၏အတုအယောင် ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်သူများကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီရွေးကောက်ပွဲကို ဟန့်တားရန် အသိပေးထုတ်ပြန်ထားသည်။
