စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များထိပ်တိုက်တွေ့ပြီးအပြန်အလှန်စကားဝှက်မေးပြီးနောက် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာ၊ ကိုင်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်နှင့်ပျူများကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် ၏တပ်ရင်း (၄)ဖြစ်သောအထူးကွန်မန်ဒိုတပ်ဖွဲ့ -Monywa The Boys ကဦးဆောင်၍ ဒေသတွင်းမဟာမိတ်PDFများကတိုက်ခိုက်ခဲ့ခြင်းသည်။
“ဒီကောင်တွေက ရွာကိုမီးရှို့ပြီးတော့ ရွာနဲ့စျေးနဲ့ကို တပ်စွဲထားတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကနယ်မြေရှင်းလင်းရေးဝင်တာ။ ဝင်တဲ့အချိန်မှာ ဒီကောင်တွေကလည်း ညဆိုတော့ကင်းပုန်းဝပ်နေတဲ့အချိန် ထိပ်တိုက်တွေ့တာ နီးနီးလေး။”ဟု စစ်ဆင်ရေးတွင်လည်းပါဝင်သူ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် PDFအဖွဲ့ဘက်နှင့် စစ်အုပ်စုမှာ အပြန်အလှန် စကားဝှက်မေးမြန်းခဲ့ပြီးနောက်မှ ရန်သူမှန်းသိ၍ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။တစ်ဖက်နှင့်တစ်ဖက် ပေ ဆယ်ဂဏန်းခန့်သာကွာဝေးသောအနီးကပ်တိုက်ပွဲတွင် PDFများက စစ်ကောင်စီတပ်ကို အထိနာအောင်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က password ကိုမေးတယ်။ သူတို့ဘက်ကလည်း အဖွဲ့ကိုမေးတယ်။ သုံးခါလေါက်မေးပြီးတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က Password တူမီးလို့ပြောလိုက်တဲ့အချိန်မှာ သူတို့ဘက်က 40 နဲ့စပစ်တာ။ အနီးကပ်ရှင်းလင်းတာ။Monywa The Boys က ဦးဆောင်ပြီးပစ်တာ။မှောင်ရီပြိုးဆိုတော့ မသိဘူး။ ကျွန်တော်တို့ကလည်းတော်လှန်ရေးရဲဘော်တွေထင်နေတာ။”ဟု ၎င်းက ဆက်ပြောသည်။

အနီးကပ်တိုက်ပွဲတွင်တပ်ပေါင်းစုဘက်က ရဲဘော်တစ်ဦးမစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆုံးအတည်ပြုချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။
“ကျွန်တော်တို့တပ်ခွဲမှူးနဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကြားထဲ ကျည်က ဖြတ်သွားတာ။အဲမှာအနီးကပ်ပစ်ခတ်ရှင်းလင်းခဲ့တာ။ Monywa The Boys က ရဲဘော်တော်တော်များများက ပစ်လိုက်တာ တော်တော်လေးသေတယ်။တော်တော်နီးတယ်။”ဟု Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) တပ်ခွဲ ၄က ဦးဆောင်၍ 5 / Teachers People Defense Force PDF၊ မုံရွာခရိုင်တပ်ရင်း – ၇ (Lightning People Defence Force )၊ Salingyi Revolution Army (SRA)၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့(C.D.F)၊ Fight For Freedom ( F3 )၊ဓားမဆိုင်းတပ်မတော် ( D.M.S.A )၊ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တပ်ရင်းတပ်ဖွဲ့များ ထိုးစစ်တိုက်နေသဖြင့် လက်နက်ခဲယမ်းများလိုအပ်နေကြောင်း Chindwin Attack Forceက အသိပေးထားသည်။
ဆားလင်းကြီးမြို့နယ်တွင်း မီးပတ်ရှို့နေသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး အဖွဲ့များ နေ့စဥ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်။ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင်သေမင်းတမန်ပြောက်ကျားအဖွဲ့ ( Salingyi )က စစ်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီတပ်က ဝိုင်းဝန်းပိတ်ဆို့ပစ်ခတ်ခဲ့၍ နှစ်ဖက်ထိခိုက်မှုရှိပြီး PDF အဖွဲ့ပိုင် ကား၃စီးအပါအဝင် လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့ ( Salingyi )၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းကိုပင် Monywa The Boys ဦးဆောင်သောPDFများက ဇန်နဝါရီ ၁၂ ရက်ညဦးပိုင်းတွင်ထိပ်တိုက်တွေ့ဆုံ၍ အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ပတ်အတွင်း ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရသည်။
စစ်ကောင်စီတပ်ကြောင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာပေါင်း၂၀ ကျော်မှပြည်သူသောင်းချီထွက်ပြေးတိမ်းရှောင်နေရသည်။
